Wednesday, November 3, 2010

ပြာသိုလပြည့်များ

မေမေ့မေတ္တာ လေးအညှို့မှာ
(ကျွန်တော်)သမုဒယမြှားလေး ကံခေပုံက
ပစ်မှတ်ကတခြား ထိဆုံမှတ်ကတခြား
လမ်းကြောင်းလွဲမှားခဲ့တဲ့ မြှားလား။
သစ်ပင်တိုင်း မမြင့်မားနိုင်တော့လည်း
အရပ်က စိတ်တလျားရှည်တာတောင်
အသံက ပြာခဲ့တုန်းပါပဲ မေမေ။
မေမေ့မိုးတွေ ၀ါးလုံးထိုးရွာမှ
ကျွန်တော့်ပက်ကြားအက်ကလေး စေးကပ်စိုမြတတ်ရုံ
ဆွေပြတ်မျိုးပြတ်နဲ့
မေမေ့မေတ္တာ မငတ်ရင်တော်ပြီဆိုတဲ့ကောင်
ကြက်မကြီးက ရင်အုပ်ထဲ ဆွဲသွင်းလိုက်တိုင်း
ထီမထင်ရိုင်းပြတတ်တဲ့ ကြက်ကလေး
မေမေသားမြက်အစုံကို ခြေထောက်စုံကန်ခဲ့ဖူးပြီ
အဲသလိုပဲ သူရဲကောင်းကဗျာဆရာက ငိုတယ်မေမေ။
စိတ်ကလေးက ခပ်တိုတို
ကိုယ့်ထွက်ပေါက်နဲ့ကိုယ် လွတ်မြောက်စွာနေလိုတဲ့ကောင်
မေမေ့ရဲ့ချိုမြမှုတွေကို အ၀ိဇာတွေနဲ့ ခွေးလိုဟောင်ခဲ့သူ
ကရုဏာအသံကို ဒေါသအဟုန်နဲ့ မာန်ဖီနေခဲ့သူ
အမေ့ဖြူစင်မှုတွေကို ကျွန်တော့်အတ္တနဲ့စွန်းထင်းစေခဲ့သူ
လူဖြစ်လျက်နဲ့ လူလားမမြောက်နိုင်ခဲ့သူ
ဒါနဲ့ပဲ မေမေ့မျက်ရည်တွေ ပူပေးခဲ့ရတယ်
သူရဲကောင်းဆိုတဲ့ကောင်ကလည်း ငိုတယ်
ကဗျာဆရာဆိုတဲ့ကောင်ကလည်း ငိုတယ်
ကျွန်တော်ကလည်း ငိုတယ်
ဟောဒီမှာ
ပုလဲပွင့်တွေ ပြာသိုလပြည့်နဲ့ရောပြီး
သရဖူလေးတစ်ခု ထုဆစ်ထားတယ်
မေမေ့ဆံနွယ်ဖွေးဖွေးမှာ
ဆင်မြန်းပေးဖို့ မ၀ံ့မရဲနိုင်ခဲ့ပြီ။

တီကျုး



No comments: