Friday, November 5, 2010

မိသားစု

မိသားစုဆိုတာ
တစ်ယောက်ရှေ့ရောက်ဖို့
တစ်ယောက် နောက်ဆုတ်ရတယ်
သစ်ကိုင်းတစ်ကိုင်းတိုးထွက်ဖို့
သစ်ကိုင်းတစ်ကိုင်း အခုတ်ခံရတယ်
မိသားစု သီချင်းဟာ အတက်အဆင်းရှိတယ်
သံစုံမြည်တယ်။
မိသားစုဆိုတာ
လူခြောက်ယောက်ရှိ လူခြောက်ယောက်
လက်၁၀ချောင်းရှိ လက်ဆယ်ချောင်း
ခေတ်က တောင်းဆိုတဲ့အတိုင်း လှုပ်ရှားရတယ်
အိမ်ရှိလူအကုန်။
လဲကျသွားတဲ့ ငါအဖေနေရာကို
င့ါညီလေးဝင်ခဲ့ တယ်
ယိုင်နဲ့သွားတဲ့ ငါအမေရဲ့ နေရာကို
ငါ့ညီမလေး ဝင်ခဲ့တယ်
မိသားစုကို ငါမမြင်ခဲ့ဘူး။
ငါ့အတွေးအခေါ်က သားသမီးဆိုတာ
သီးခြားရှင်သန်ရတဲ့ ဘဝတစ်ခု
ငါက လမ်းပေါ်မှာကြီးပြင်းခဲ့လို့
လမ်းနဲ့ သွေးသားတော်စပ်တယ်လို့ ထင်တယ်။
ငါ့မိသားစုမှာ ငါဟာ မလင်းတဲ့မီး
ငါ့မိသားစုမှာ ငါဟာ မလဲုခြုံတဲ့ထရံ
င့ါကြိုးကို တီးခတ်လိုက်တိုင်း အသံကြောင်ထွက်တယ်
ငါ့မိသားစုမှာ
မိုးယိုပေါက်လေး တစ်ပေါက်ရှိနေတယ် ဆိုရင်လည်း
ငါပဲဖြစ်မှာ
ငါ့မိသားစုမှာ
ကြမ်းခင်းတစ်ပေါက် ကျိုးပဲ့နေတယ်ဆိုလည်း
ငါပဲဖြစ်မှာ
မအောင်မြင်တဲ့ ဘောလုံးအသင်းဟာ ငါ့ မိသားစုပဲ
မဝင်တဲ့ဂိုးတွေက ငါသွင်းခဲ့တာ။

စိုင်းဝင်းမြင့်

No comments: