Saturday, November 6, 2010

To my Beloved Dad

မနေ့က အဖေများနေ့။ အိမ်ကို ဖုန်းမဆက်နိုင်ခဲ့။ အမေများနေ့ကတော့ အိမ်ကို ဖုန်းဆက်နိုင်ခဲ့သည်။ အမေ့များနေ့တုန်းက အမေ့အတွက် post လည်းတင်ဖြစ်ခဲ့သည်။အမေ့အတွက် ကဗျာလည်း ရေးဖူးသည်။ အဖေ့အတွက်ကဗျာကျ မရေးနိုင်၊ မရေးဖြစ်။ အဖေ့အတွက် လက်ဆောင်လည်း ထူးထူးခြားခြားကြီး မပေးခဲ့ဖူး။

ဒါတွေကြောင့် အဖေ့ကို စိတ်မကောင်းမဖြစ်စေချင်။ အမေ့ကို ပိုချစ်ပြီး အဖေ့ကို လျော့ချစ်လို့လည်း မဟုတ်။ အဖေနဲ့ အမေက သားနဲ့သမီးကို ညီမျှစွာ ချစ်သလို ဖေနဲ့မေကိုလည်း တူညီစွာ ချစ်ပါသည်။အမေသည် အရဲ၏ စကားပြောဖော်၊ အဖေကတော့ အရဲ၏ အကာအကွယ်။

အဖေက တိတ်ဆိတ်သည်။ အဖေ့ကို အမေ့လောက် စကားမပြောဖြစ်ပေမယ့် အဖေ၏ တည်ရှိမှုကပင် လုံခြုံစိတ်ချမှုကို ပေးနိုင်သည်။အဖေက ပြီးပြည့်စုံသော အဖေတော့ မဟုတ်။ တခါတလေ အဖေ့ကို မကြိုက်။ အဖေ့လုပ်ရပ်တွေကို မနှစ်မြို့။ ဒါပေမယ့် ဒါတွေကြောင့်တော့ တခြားအဖေတွေကို အဖေ့အစား မလိုချင်။ အရဲအဖေသည်သာ ထာဝရ အဖေ။

ငယ်ငယ် ကလေးဘ၀.. ဆိုးလျှင် အဖေရိုက်သည်။ ပြောစကားနားမထောင်လျှင် အဖေရိုက်သည်။ ရိုက်ပြီးလျှင် အဖေ ဘယ်တော့မှ ပြန်မချော့။ အဖေက စိတ်မာချင်ယောင်ဆောင်သည်။ ဒါပေမယ့် အဖေ ဟန်ဆောင်မကောင်း။ အရဲကို ရိုက်ပြီးတိုင်း အဖေ စိတ်မကောင်းဖြစ်ရတာတွေ အရဲ သိသည်။ အဖေရိုက်လို့ ရခဲ့တဲ့ အမာရွတ် ခုထိ ရှိသေးပေမယ့် အဖေ့ကို ဘယ်တော့မှ မမုန်း။

အရဲကြောင့် အဖေငိုရတဲ့နေ့ကို တသက်မမေ့။ အရဲ မသိလိုက်ဘဲ အရဲကြောင့် အဖေငိုရတာတွေ ရှိသေးလား တွေးမိရင်..အဖေ့ ကျေးဇူးတွေ ပြန်ဆပ်နိုင်ဖို့ နှစ်တွေလိုသေးသည်။ အဖေက အသက်ကြီးပြီ။ အရဲက လူကြီးမဖြစ်သေး။ လိုသေးသောနှစ်တွေထိ အဖေ့ ကျန်းကျန်းမာမာနေပါ။ အဖေ့သမီးကို ကျေးဇူးပြန်ဆပ်ခွင့်ပေးပါ။

ငယ်ငယ်တုန်းက အိပ်မက်ဆိုး ပုံစံသစ်နဲ့ ပြန်မမက်ချင်။ ကျန်းမာအောင်နေပါ ဖေကြီး…။

အလွမ်းများဖြင့်
အရဲ (ahye)

No comments: