Wednesday, December 29, 2010

မေမေ့မေတ္တာပင်လယ်ပြာ


အမေ့မေတ္တာ ၊ ထုပမာကို
တောင်ထူမြင်းမိုရ် ၊ အထိုထိုနှင့်
ယှဉ်ဆိုပါသည် ၊ ယှဉ်သည့်ပမာ
သူ့အောက်သာလျှင် နိမ့်ကျငုပ်လျှိုး
ဖန်ဖန်တိုးသည် ၊ မှီရိုးဘယ်မှာ
မရှိပါလည်း ၊ ညွှန်ပြဆိုမိ
ငါ့အသိကို ၊ ထုတ်ဆောင်လိုသည်
မွေးသည်မာတာ ၊ ရွှေမေတ္တာကို
လေမှာလွင့်လွင့် ၊ လိုက်ကာဖွင့်သည့်
ဝိုးတ၀ါးအသွင် ၊ သင်မြင်ပါလည်း
ရင်၌အသည်း ၊ ခိုင်မာစွဲ၍
ကျေးဇူးတုံ့တင် ၊ သင်ဆပ်ချင်မည်
ငါယုံကြ်မိ ၊ ဖော်ဆောင်၏။

မမေ့ရင်စုံ ၊ ကြာပဒုံဝယ်
ရေကြည့်တည်စ ၊ ထိုခဏ၌
သူသိရစဉ် ၊ မြတ်မိခင်သည်
ဖရဏပီတိ ၊ ဂွမ်းဆီထည့်သို့
သွားလာကုန်းကွ ၊ စားချို့ရသည်
သူ၏ရင်သွေး ၊ သက်ရှင်ရေးထက်
သူ့အသက်ကား ၊ ဆိုဖွယ်မရှိ
စွန့်လွှတ်မိသည့် ၊ မိခင်ဂုဏ်ပုဒ်
ငါလေနိုင်းချင့် ၊ စာကိုဆင့်လည်း
အဟုတ်အမီ ၊ ငါယုံကြည်သည်
အမေ့မေတ္တာကိုပြိုင် ၊ မဆိုနိုင်လို့။

အမေ့ရင်ဆုံ ၊ ကြာပဒုံလေ
အငုံကြွကြွ ၊ အုံလှလှနှင့်
ကြီးရင့်လာပြီး ၊ လနှင့်ချီတော့
လေဒဏ်လွေ့လွေ့ ၊ နေဒဏ်တွေလည်း
လည်တံကြော့ကြော့ ၊ ခေါင်းကိုမော့၍
သားငယ်မျက်နှာ ၊ လစန္ဒာကို
မျှော်ကာငေးရင်း ၊ ပွင့်ရခြင်းထက်
သူ့အသက်ကို ၊ သားတွက်ပေးထား
လိုလားမရှိ ၊ စွန့်လွှတ်မိသည့်
မိခင်ဂုဏ်ပုဒ် ၊ ငါလေထုတ်လည်း
အဟုတ်အမီ ၊ ငါယုံကြည်သည်
မေတ္တာပွင့်ဖူး ၊ ရနံ့ထူးလို့။

သားငယ်မျက်နှာ ၊ လစန္ဒာသည်
အမေ့ရင်သိုက် ၊ ထိုတိမ်တိုက်မှ
ထွင်းဖောက်ရောင်ခြည် ၊ ဤလူ့ပြည်သို့
အေးမြစေမှု ၊ လင်းလက်ပြုတော့
ပင်ပန်းသမျှ ၊ ခ၀ါချ၍
နှစ်သက်ကြည်နူး ၊ မိန့်မိန့်မှုးအောင်
ရင်သွေးဟူက ၊ ရူမ၀သည်
နီထွေးနီတာ ၊ သားမျက်နှာကို
ဖန်ဖန်ကြည့်ရင်း ၊ ကြည်နူးခြင်းဖြင့်
အသက်ထက်ပင် ၊ သားကိုခင်သည့်
မိခင်ဂုဏ်ပုဒ် ၊ ငါလေထုတ်လည်း
အဟုတ်မမှီ ၊ ငါယုံကြည်သည်
မေတ္တာတံတိုင်း ၊ သူထူနိုင်လို့။

မိခင်မာတာ ၊ မျိုးမြန်မာမို့
ဟိရီတရား ၊ အစဉ်ထားလည်း
သားတို့တွက်ဆို ၊ ဟိရီမလိုပြီ
ဖြူဖြူသန့်သန့် ၊ ရနံ့သင်းသင်း
မြစ်မင်းနှစ်မြွှာ ၊ စီးဆင်းလာသည့်
နို့နှစ်ဟာရ ၊ အစဉ်ရဖို့
ဟိရီကိုပယ် ၊ လှမခြယ်သည်
သားတို့အတွက် ၊ အရှက်ကိုဖယ်
မေတ္တာရှေ့ဆောင် ၊ သူလုပ်ဆောင်သည်
မိခင်ဂုဏ်ပုဒ် ၊ ငါလေထုတ်လည်း
အဟုတ်မမီ ၊ ငါယုံကြည်သည်
အစစ်မေတ္တာ ၊ အမေစေလာလို့။

နို့ချိုတိုက်ရင်း ၊ ချော့မြှူရင်းဖြင့်
သားလည်ပျော်မြူး ၊ သူကြည်နူး၍
ရင်နှစ်အစုံ ၊ ကြာပဒုံကို
ခြေဖြင့်လည်းတော့ ၊ ခေါင်းဆံဆော့လည်း
အပြစ်မပြော ၊ အချစ်နှောသည့်
မိခင်ဂုဏ်ပုဒ် ၊ ငါလေထုတ်လည်း
အဟုတ်မမီ ၊ ငါယုံကြည်သည်
ခွင့်လွှတ်မေတ္တာ ၊ အမေလေပွားလို့။

ပညာသင်စ ၊ ထိုခဏလေ
မိုက်မှားပေါင်းသင်း ၊ နေရခြင်းကို
မောင်မင်းဘယ်ခါ ၊ ရှောင်ကြဉ်ပါဟု
နူတ်မှဖွဖွ ၊ စောင့်ရှောက်မိသည့်
မေးသည့်မိခင် ၊ ကျေးဇူးရှင်
ပညာစုံခါ ၊ ကြင်ရာစုံဖို့
တော်ရာကြင်ဖက် ၊ သူပြုပြင်သည့်
မိခင်ဂုဏ်ပုဒ် ၊ ငါလေထုတ်လည်း
မဟုတ်မမီ ၊ ငါယုံကြည်သည်
ရှေ့ရေးရှေ့ရာ ၊ အဖြာဖြာတွက်
မြော်မြင်ကြီးမား ၊ မေတ္တာထားလို့။

သားသမီးတစ်စု ၊ အိမ်ထောင်ပြုလို့
မြေး ၊ မြစ်တွေရ ၊ သူအိုရလည်း
အသစ်မွေးဖွား ၊ မေတ္တာများဖြင့်
တုန်ချည့်မဲ့ယောင် ၊ သူ့ကိုယ်ကောင်ကို
လှုပ်ရှားသွက်လက် ၊ သားအတွက်ဟု
ဆံဖြူသွားစွန့် ၊ ပါးရေတွန့်နှင့်
မှုန်ဝါးအမြင် ၊ မဆင်ခြင်ဘဲ
သားနှင့်သမီး ၊ တည့်ကြ၏လော
သားနှင့်သမီး ၊ ကျန်းမာ၏လော
သားနှင့်သမီး ၊ ချမ်းသာ၏လော
သားနှင်သမီး ၊ လမ်းဖြာ၏လော
ထိုထိုသဘော ၊ သူစစ်ကြောသည့်
မိခင်ဂုဏ်ပုဒ် ၊ ငါလေထုတ်လည်း
အဟုတ်အမီ ၊ ငါယုံကြည်သည်
အသစ်မေတ္တာ ၊ ဖုးပွင့်ရှာလို့
မခန်းမေတ္တာ ၊ စီးဆင်းရှာလို့။


သေအံ့ဆဲဆဲ ၊ သက်ငင်ဆဲဝယ်
ငင်သောအသက် ၊ စောင့်ဆည်းလျက်က
သားကိုလည်းခေါ် ၊ သမီးခေါ်၍
လိမ္မာနေရစ် ၊ ရန်မဖြစ်နှင့်
ဒါကမင်းတွက် ၊ ဒါကမင်းဖို့
အမွေခွဲဝေ ၊ သူပေးချေပြီ
သူ့ကိုသာစေ ၊ ငါ့နာစေဟု
စိတ်ထားစေတနာ ၊ မကွက်ပါသည်
စိတ်ထားမေတ္တာ ၊ ညီညာပါသည်
စိတ်ထားမုဒိတာ ၊ သူပွားရှာသည်
စိတ်ထားဂရုဏာ ၊ သူပြုရှာသည်
ဗြဟ္မာအသွင် ၊ မြတ်မိခင်။
မေတ္တာသခင် ၊ မြတ်မိခင်။

မေတ္တာတရား ၊ ပြိုင်စံရှားသည့်
အိုဘယ်မိခင် ၊ သားသခင်
သခင့်စေတနာ ၊ ပျိုမေတ္တာနှင့်
သခင့်သစ္စာ ၊ မုဒိတာနှင့်
သခင့်ရောင်ဝါ ၊ ကရုဏာနှင့်
ပြည့်ဖြိုးလတ်ဆတ် ၊ ဂုဏ်မြင့်မြတ်ကို
မဆိုဝံ့ပြီ ၊ မနိုင်းချင်သည်
နိုင်းလေသမျှ ၊ ခိုင်းသမျှသည်
သခင့်မေတ္တာ ၊ မိုးအောက်မှာပင်
ငုပ်လျှိုးကွယ်ပျောက် ၊ ဆီးနှင်းပေါက်သို့။
သခင့်မေတ္တာ ၊ ပင်လယ်ပြာဝယ်
သက်ဝင်ကွယ်ပျောက် ၊ မိုးတစ်ပေါက်သို့။

မိခင်သဒ္ဒါ ၊ ရွှေမေတ္တာကို
ပမာ ပမာ ၊ နိုင်းစရာနှင့်
ယှဉ်ကာဆိုကြည့် ၊ ငါနိုင်းမိလည်း
အရာရာတွင် ၊ ပမာတင်သည့်
ခိုင်းနိုင်းစရာ ၊ အဖြာဖြာသည်
အမေ့မေတ္တာ ၊ ရောင်ခြည်ဖြာအောက်
စင်းစင်းမှောက်၍ ၊ အညံ့ခံရူံးပေး
လွတ်မြောက်ရေးထက် ၊ နည်းလမ်းဘယ်မှာ
မတွေ့ပါပြီ ၊ ငါယုံကြည်သည်
အမေ့မေတ္တာ ၊ လွန်ကြီးမားလို့။
အမေ့မေတ္တာ ၊ ကန့်သတ်မဲ့လို့။

သားသမီးအတွက်ဆို
အမေဟာလေ
ကိုယ့်ကိုယ်ကို အကျွမ်းခံ
ဖယောင်းတိုင်လို အလင်းပေး
အနစ်နာခံ ၊ တုမရတဲ့နည်းနာတွေနဲ့
လောကလယ်မှာ တင့်တယ်ရအောင်
လမ်းပြပေးရှာတယ်
မေတ္တာအလင်းတွေနဲ့။

အရှင်ပါမောက္ခ ( ကြို့ပင်ကောက် )




No comments: