Sunday, April 10, 2011

သား .....ပြန်လာခဲ့ပါအုံးမယ် ။


အမေ့ မျက်ဝန်းတွေက သားကိုတွေ့တော့ တောက်ပသွားလိုက်တာ အမေ့မှာ မပြောင်းလဲသေးတာဆိုလို့ ဒီမျက်ဝန်းတောက်တောက်တွေပဲရှိတော့တယ်ထင်ပါ့ ။ အမေက သားကိုတွေ့တော့ ခေါင်းမှာပေါင်းထားတဲ့ ယောဂီရောင် သဘတ်လေးကို ဝှေ့ယမ်းလို့ “ သားငယ်ရေ ...အမေ ဒီမှာ” တဲ့ အမေမျက်နှာက ပြုံးပျော်သွားလိုက်တာ ။ အမေ့ အကောင်လေ ပိုပိုသေးသွားသလိုပဲ အမေ့ဆံပင်တွေကတော့ တော်တော်ကိုဖြူနေပါပြီ အမေ့အသားတွေ နေပိုလောင်သွားတယ် ။ အမေက သားကို အသားတွေဖြူလာတဲ့အကြောင်း ပြုံးပြီးပြောတော့ အမေ့အသားတွေ ပိုညိုသွားတဲ့အကြောင်း သားက ဘယ်လိုပြောရက်ပါ့မလဲ အမေ ။
**************************************************************************

ပြီးခဲ့တဲ့ ၄ ရက်လောက် အမေ ကျနော့်ဆီလာလည်တယ် ။ အမေ့ကိုတွေ့တော့ ရင်ထဲ စို့နင့် တကယ်တော့ပျော်ရမှာသိပါတယ် အမေ့ အရွယ်တွေက တစ်နှစ်ထပ် တစ်နှစ်ပိုပို အိုသွားသလိုပါပဲ သားသမီးတွေကို ချစ်တတ်တဲ့ အမေ့ရဲ့ အချစ်တွေကတော့မပြောင်းမလဲ ။ “ငါ့သား ပိုချောပြီး အသားတွေပိုဖြူလာတယ်ဟဲ့ ” တဲ့ အမေ့မျက်ဝန်းထဲ ရုပ်ဆိုးတဲ့ သားတောင် ချောတယ်ထင်တာ ။ အမေ နဲ့ ကျနော် ပြောဖြစ်လိုက်တဲ့ ဆွေမျိုးတွေအကြောင်း ရွာအကြောင်း သူ့မြေးတွေ ပိုပိုဆိုးလာတဲ့အကြောင်း “ နင်ကော ဘယ်လိုလဲ သား” ဆိုတော့ “ ဘာတုန်း အမေ ရ ” လို့ ဂျစ်ကန်ကန်ပြန်ဖြေဖြစ်တယ် ။ ကျနော့်ကိုမငယ်တော့ဘူးလေ ဘာလေးညာလေးမရှိသေးဘူးလားဆိုတော့ အရူးကြီးလုပ်လို့ အမေ့ခါးသေးလေးကို ဖက် “ သားက ခလေးပဲရှိသေးတာ ” ရယ်သံစွတ်ပြီးပြန်ဖြေတော့ အမေက ပြုံးနေတယ် ။


“နောက်ဆို မလောက်၇င် မ၀ယ်ပေးလိုက်နဲ့ သား ၊ ပြီးခဲ့တစ်ခေါက်က နင်ဝယ်ပေးလိုက်တာတွေ တူ / တူမတွေ မလောက်ဘူးလေ အဲ့တာ နင့်ယောက်ဖက စိတ်ကွက်သွားသေးတယ်ထင်တယ် အိမ်ကိုတောင်မလာတာကြာပြီ ၀ယ်ပေးရင်လည်း လူစေ့အောင်ဝယ်ပေးလိုက် ကြားလား ” ။ အမေ အဲ့လိုပြောတော့ သားသမီးတွေကြား အမေ အနေရခက်မှာ သနားသွားတယ် တူ /တူမတွေကလည်းမျာလိုက်တာ အယောက်စေ့သာဆို ဒီဦးလေးတော့ ခေါင်းပြောင်ပြီး “ မေ့..အားလုံးပေါင်း ဘယ်နှစ်ယောက်လဲ သားမေ့နေလို့ ” ဆိုတော့ အမေ ပြန်ဖြေသံကြား လန့်သွားတယ် ၁၃ ယောက်တဲ့ အွန့် နာရှာထားလေးတွေတော့ ကုန်ပါပြီ ။ အမေ့ကို ဈေးခေါ်သွားတော့ ဒါက ဘယ်မြေး အတွက် ဒါလေးက ဘယ်သူနဲ့လိုက်တယ်ဆိုတာ အမေ ရွေးလိုက်တာမျာ ပိုက်ဆံအိတ်လေးထဲက ထိုင်းဘုရင်ရုပ်ကလေးတွေလည်း တစ်ရုပ်ပြီးတစ်ရုပ် ခုန်ခုန်ထွက်လို့း) ။

“သား.... ရွာက နင်တို့ကိုစိန်သော့လေ ရေတွင်းထဲကျတာ ဆုံးသွားပြီသိလား သနားလိုက်တာဟယ် ကိုယ့်မျက်စိရှေ့တင်ဆိုတော့ ” ။
“ အိမ်က နွားမကြီး သားအထီးလေးကျထားတာ သားရယ် ချောလိုက်တာ ချစ်စရာလေး ” ။ “ နင်တို့ဘ ကအော်ဂင်လိုချင်လို့တဲ့ အခု မယ်ဒလင်ကိုမပူဆာတော့ဘူး အဲ့တာ သူတီးချင်တယ်ဆိုလား အေး...တတ်တယ်လေ နင့်အဘက ၁၂ ကြိုး လူကသာ ခပ်တုံးတုံး အနုပညာတော့ တော်တော်ရသား ” ။“ အမေ့အိမ်လေး ဒီနှစ်တော့ သွပ်ကလေးတင်ချင်တယ် သားရယ် ” ။ “ နင့်အစ်မငယ်တို့လည်း အဆင်မပြေပါဘူးဟယ် အမေ ခံနေလို့သာပေါ့ မဟုတ်၇င်တော့ မလွယ်ဘူး ဒါနဲ့ သူ့သားအငယ်ကောင်လေးက ငါ့သားမျက်နှာပေါက်လေးဟဲ့ ” ။“ ရွာက လူတွေလား အဆင်မပြေကြပါဘူး ခုရေတွေလည်း ခမ်းပြီ အလုပ်ကိုင်တွေလည်းရှားလိုက်တာဟယ် ပြောမနေနဲ့တော့ နေ့စားလုပ်ဖို့ ခေါ်မယ့်သူတောင်မရှိ ဒီကြားထဲ ရာသီဥတုကဆိုးသေး ” ။ “ အေးအေး .... ဒီသင်္ကြန် အမေ ရွာမှာ ငါ့သားတို့ ကန်တော့လိုက်တာလေးနဲ့ အလှူကလေးပြန်လုပ်အုံးမယ် ရွာက လူတွေက ငတ်ကြတယ် ” ။ “ သား...မ၀တ်တော့တဲ့ အကျီင်္လေးတွေ အမေ့ပေးလိုက် ရွာမှာ ပြန်ဝေရမယ် သူတို့အတွက်တော့ ဒါလည်းအသစ်ပဲ ၀ယ်မ၀တ်နိုင်ကြပါဘူး သူတို့လေးတွေ ” ။

သားမိ နှစ်ယောက် ပြောလိုက်တဲ့စကားတွေ မကုန်နိုင်မခမ်းနိုင် အစားကောင်းလေးစားရတိုင်း အမေနဲ့အဘကို ကျွေးချင်လိုက်တာ အမေ တို့ကတောသူဆိုတော့ ချွေတာတယ် ပြီးတော့ နှမြောတတ်တယ် ထမင်းစားပြီးရင် ကွမ်းကလေး ငုံထားလိုက်၇င်ပြီးပြီ ။ “ အမေ..ဒီဖျော်ရည်လေး သောက်ကြည့် တအားသောက်ကောင်းတယ် ” ၊ “ ဟယ်...တော်တော် အမေ မကြိုက်ဘူး နှမြောစရာ ခုပဲ ထမင်းစားပြီးတယ် ငွေမဖြုန်းစမ်းပါနဲ့ဟယ် အမေ မဆာဘူး ” အမေက ကျနော် အအေးဖိုးရှင်းတော့ အဲ့ပိုက်ဆံလေးကိုကြည့်ပြီး အဲ့တာ ရွာမှာ ဆို လူတစ်ယောက် တစ်နေ့လုပ်အားခပဲတဲ့ ပြောသေးတယ် ။အမေက တစ်ခုခုဆို တောသူဆိုတော့ မသိတာတွေများလိုက်တာ အဲ့တာကို သေချာရှင်းမပြပဲ စိတ်မရှည်တဲ့လေသံနဲ့ အမေ့ကို “ အဲ့တာ အမေမသိဘူး ”လို့ပြောလိုက်မိတာလေး ပြန်တွေးရင်း ကိုယ့်ကိုယ်ကိုစိတ်တိုလိုက်တာ အမေက သားသမီးတွေမျက်နှာကို သိပ်ဖတ်တတ်တာပဲ ။

“အေးပါ အမေကြည့်လုပ်လိုက်မယ် အဆင်ပြေအောင် ” ဒါက အမေ့ပြောစကားလေး ။“အလုပ်မလုပ်လို့ရမလားလေ လုပ်နိုင်သလောက်တော့ လုပ်ရမှာပေါ့ ဒီတိုင်းထိုင်နေရတာလည်း ပျင်းစရာ အမေတို့ရှိတော့ အမေ့မြေးတွေလာ ကျွေးနိုင်တာပေါ့ သားအိမ်မှာဆို ချွေးမကို မျက်နှာပူရ သမီးအိမ်မှာကျ သားမက်ကိုမျက်နှာပူရအုံးမယ် ခုတော့ အမေ့သဘောပဲနေရတာ ဘယ်လောက်စိတ်ချမ်းသာစရာကောင်းလဲ ” အမေကတော့ အဲ့လို သူ့ရဲ့တွက်ကိန်းကလေးနဲ့ ။အမေ့ကို ဒီ့ထက်ပိုပျော်စေချင်တယ် အမေကတော့ သားတွေကို စိတ်ညစ်စရာရှိရင်တောင်ဖွင့်မပြောတတ် ။အမေ လာတယ်သတင်းကြားတော့ သူ့တူတွေ တူမတွေဆက လာလိုက်တဲ့ဖုန်းတွေ “ ဟဲ့...အမေ့နားတွေ အူပြီ မပြောချင်တော့ဘူး အမေပြန်ပြီလို့ ညာလိုက်တော့ ဖုန်းကိုင်ရတာ လက်လည်းညောင်းပြီး သားရဲ့ ” တဲ့ ရိုးလိုက်တဲ့ ကျနော့်အမေ ။

အမေပြန်တော့ ကားဂိတ်မှာ ခဏစောင့်ရင်း စကားပြောဖြစ်တော့“ ဘယ်တော့ပြန်လာအုံးမလဲ ငါ့သား ” လို့မေးတော့  မသိသေးပါဘူးလို့ပဲဖြေလိုက်တော့တယ် တကယ်ဆို ကျနော်လည်း အမေ့နားပဲနေချင်တာ ။ အမေက ကျနော့်ကို ဂရုစိုက်ဖို့မှာ ကျနော်က အမေ့ကိုပြန်မှာနဲ့ ကားထွက်တော့မယ်ဆိုမှ “အမေ...ဒါဆို သားလည်းပြန်တော့မယ်နော် ရောက်ရင်ဖုန်းဆက်လိုက်သိလား ” အမေ့ကို နှုတ်ဆက်စကားဆိုတော့ အမေ့မျက်ဝန်းတွေက အရည်တွေလဲ့လာပြီ သိပ်မကြာခင် အမေငိုတော့မှာ သိတော့ မြန်မြန်ပြန်မှပဲလေလို့ တွေးလိုက်တယ် နောက်တစ်ခေါက် “ ကျနော် သွားတော့မယ် အမေ ” ထပ်နှုတ်ဆက်လို့ နောက်မကြည့်ပဲ လျှောက်လာလိုက်တာ တော်တော်ကလေးလှမ်းမှ နောက်ပြန်လှည့်ကြည့်တော့ အမေက ကျနော့်ကိုကြည့်နေတုန်း သဘတ်ကလေးယမ်းလို့ လှမ်းနှုတ်ဆက်နေတုန်း ။ သား တို့အိမ်ပြန်ချိန် နောက်ကျမှာ စိုးတယ် အမေ ။ အမေ နေကောင်းပါစေ သားလည်းပြန်လာခဲ့ပါအုံးမယ် ။


2 comments:

မေသိမ့်သိမ့်ကျော် said...

အမေက အထိန်း အအုပ် ကောင်းပုံပဲနော်။ သားကလဲ အမေချစ်သားပဲ ထင်ရဲ့။ အမေကို သတိရသွားပြီး ပြန်သွားပါ၏။

ခင်မင်လေးစားလျက်


အခုမှ အသစ်လုပ်နေတဲ့ ဆိုက်လေးကိုလည်းလာရောက်ပြီး စာတွေ ရေးပေးဖို့ ဖိတ်ပါတယ်ရှင်။ "မြန်မာအွန်လိုင်းဘလော့ဂ္ဂါများအသင်း" လို့ အမည်ပေးထားပါတယ်။ www.moba4all.org ပါရှင်။ လာရောက်ရေးသားပေးမယ်ဆိုရင်တော့ အရမ်းကို အားရှိသွားမှာပါ။

မျှော်နေပါ့မယ်နော်။

မေသိမ့်သိမ့်ကျော် said...

အမေက အထိန်း အအုပ် ကောင်းပုံပဲနော်။ သားကလဲ အမေချစ်သားပဲ ထင်ရဲ့။ အမေကို သတိရသွားပြီး ပြန်သွားပါ၏။

ခင်မင်လေးစားလျက်


အခုမှ အသစ်လုပ်နေတဲ့ ဆိုက်လေးကိုလည်းလာရောက်ပြီး စာတွေ ရေးပေးဖို့ ဖိတ်ပါတယ်ရှင်။ "မြန်မာအွန်လိုင်းဘလော့ဂ္ဂါများအသင်း" လို့ အမည်ပေးထားပါတယ်။ www.moba4all.org ပါရှင်။ လာရောက်ရေးသားပေးမယ်ဆိုရင်တော့ အရမ်းကို အားရှိသွားမှာပါ။

မျှော်နေပါ့မယ်နော်။