Wednesday, November 17, 2010

အမြဲစိမ်းတော



သူ
နေခဲ့သည့်မြို့ကလေးထဲကိုခြေချမိတော့ ညမီးသီးများပင်အပြိုင်အဆိုင်လင်းဖျာစ,ပြုနေခဲ့လေပြီ...။ လမ်းမထက်တွင် ဟိုမှဒီသို့ သွားလာနေကြသောသူများ၊ ပလက်ဖောင်းပေါ်မှဈေးသည်များ၏ အပြိုင်အဆိုင် ဈေးခေါ်နေသံများ၊ လဖ္ဘက်ရည်ဆိုင်များဆီမှ သီချင်းသံများ၊ စက်ဘီး၊ ဆိုက်ကားစသည်တို့ထံမှ ကလင်က လင်မြည်သံများ၊ ကားဟွန်းတီးသံများ...စသည်တို့ဖြင့် ညခင်းကလေးကဆူညံစွာအသက်ဝင်နေခဲ့လေသည်။ ထိုအသံများကို နှစ်ခြိုက်စွာနားထောင်ရင်းသူ၏ အိမ်အပြန်ခြေလှမ်းများကိုခပ်သွက်သွက်လေး လှမ်းနေမိခဲ့ ၏။ မွေးရပ်မြေ၏ လေထုကိုမက်မောစွာ သူထပ်မံရှူရှိက်မိပြန်သည်။ ဘယ်နှစ်ကြိမ်မြောက်ရှူမိခြင်းမှန်း ကိုယ်တိုင်ပင် မရေတွက်နိုင်တော့....။

**********
သူတို့အိမ်ရှိရာ လမ်းသွယ်လေးထဲသို့ သူဝင်လာခဲ့သည်။ ခပ်စောစောက ဆူညံသံလေးများသည် သူတို့လမ်းကလေးထဲတွင် ရေးရေးမျှအရာမထင်နိုင်တော့....၊ ဟိုး...... ခပ်ဝေးဝေးတွင် မှုန်ပြစွာကျန်ရစ်ခဲ့ လေပြီ...။

ခြံတံခါးဝတွင် သူရပ်လိုက်သည်။ တံခါးချက်ကို မဖွင့်သေးပဲ ခြံထဲသို့ လွမ်းဆွတ်တမ်းတမှုများစွာဖြင့် သူလှမ်းကြည့်မိလိုက်သေးသည်။ အုန်းလက်ရှည်ရှည်သွယ်သွယ်လေးများသည် ညအမှောင်ထဲ တစ်စွန်းတစ ရောက်နေခဲ့သော မီးရောင်တစ်ချို့အောက်တွင် လက်ပစွာဖြင့် လေစီးကြောင်းအလိုက် ဟိုငဲ့... သည်ငဲ့ဖြင့် ယိမ်းနွဲ့နေကြတာကိုတွေ့ရ၏။ သူ့ရဲ့အိမ်ကလေးကတော့ မိုးချုပ်ပြီးစ ညဥ့်ဦးယံကောင်ကင်တစ်ခုရဲ့အောက် မှာ မီးရောင်ကလေး...တစ်လဲ့လဲ့နှင့်....။

နောက်...ခြံတံခါးကိုအသာတွန်းဖွင့်ပြီး ခြေလှမ်းနှစ်ဆယ်စာလောက်အကွာမှာရှိသည့် အိမ်ကလေးဆီ သို့ ဖြည်းညင်းစွာ သူလျှောက်သွားလိုက်သည်။ အိမ်နားသို့မရောက်ခင် စိုက်ထားသောပန်းပင်များအနားမှ အဖြတ်တွင် ဟိုး... အရင်တုန်းက သူစိုက်ထားခဲ့ဖူသော အဖြူရောင်အပွင့်သေးသေးလေးများပွင့်တတ်သည့် နှင်းဆီပင်လေးများရှိလေဦးမလား... ဟုတွေးရင်း တစ်ချက်ငဲ့ကြည့်မိသေး၏။ မလင်းတလင်းမီးရောင်နှင့် အ ခြားအပင်များကြောင့် သဲကွဲစွာမမြင်ရ...။ သို့သော်လည်း ‘ရှိချင်မှ ရှိတော့မှာပါလေ’....ဟု တွေးမိပြန်သည်။ ဟုတ်သည်...၊ သူအိမ်က ထွက်ခွာလာခဲ့သည်မှာ နှစ်တွေအတော်ကြာညောင်းခဲ့ပြီပဲလေ...။

တစ်ထပ်တည်းသာရှိသည့် မြေစိုက်သစ်သားအိမ်လေးရှေ့ရောက်တော့ သူ့ခြေလှမ်းတွေရပ်တန့်လိုက် ၏။ နောက်...အိမ်ရှေ့တံခါးဝ အကွယ်နားမှကပ်ပြီး အိမ်ရှေ့မျက်နှာစာတွင်ရိုက်ထားသော သစ်သားချောင်း လေးများကြားမှတစ်ဆင့် အိမ်ထဲသို့ ခိုး၍ချောင်းကြည့်မိလိုက်သည်။ ရုတ်တစ်ရက်များသူ့ကိုမြင်လိုက်ရလျှင် မေမေများ အံ့သြသွားလေမလား....ဟူ၍လည်း တွေးလိုက်မိသေးသည်။ မေမေတင်မကပါဘူး..၊ အကုန်လုံး တော့ အံ့သြ၀မ်းသာသွားကြမှာသေချာတယ်...ဟု ထပ်မံတွေးလိုက်မိတော့ သူ့မျက်ဝန်းတွေ အပြုံးရောင်နှင့် လဲ့လဲ့သန်းလာခဲ့ရ၏။

သစ်သားချောင်းလေးများကြားမှ မြင်နေရသော သူ့မြင်ကွင်းထဲတွင် အိမ်ရှေ့၊ ခေါင်းရင်းနားမှာရှိသည့် ဘုရားကျောင်းဆောင်ရှေ့မှာ ဘုရားရှိခိုးနေသော ဖေဖေ့ကိုတွေ့ရ၏။ ဘုရားရှိခိုးပြီးသွားလို့ မေတ္တာပို့၊ အမျှ ဝေခဲ့မယ်ဆိုရင်... အဝေးရောက်နေခဲ့ရသောသူ့အတွက် ထိပ်ဆုံးကပါနေမှာသေချာတယ်...ဟု ထပ်မံတွေး လိုက်မိပြန်တော့ သူ့နှုတ်ခမ်းတွေ အလိုလိုနေရင်းပြုံးလာမိပါသည်။ ဖေဖေဘုရားရှိခိုးနေသော နေရာလေး ရဲ့ ခပ်လှမ်းလှမ်းမှာ သူ့အစ်မက အ၀တ်အစားတွေကို မီးပူတိုက်နေတာတွေရ၏။ သူ့အစ်ကိုကိုတော့ မတွေ့ ရ...။ ဒီအချိန်ဆို လဖ္ဘက်ရည်ဆိုင် ရောက်နေလောက်ပြီထင်တယ်...ဟု သူတွေးမိလိုက်သေးသည်။

နောက်.. သူ့အကြည့်များက အစ်မနှင့် မနီးမဝေးနေရာလေးကိုရောက်သွားသည်။ သူ့ရင်ထဲတွင် အရာ အားလုံးပြီးပြည့်စုံသွားသလို ခံစားလိုက်ရသည်။ ထိုနေရာလေးတွင်မူ မျက်လွှာလေးကို ငြိမ်းငြိမ်းချမ်းချမ်း ချ ထားကာ ပုတီးထိုင်စိတ်နေခဲ့သော သူ့ရဲ့ “မေမေ”....။

သူ့မျက်ဝန်းများက တမ်းတ၊ လွမ်းဆွတ်ခြင်းများစွာဖြင့် စွတ်စိုလာခဲ့ရသည်။ ဘာရယ်ကြောင့်မှန်းမသိရ ဘဲ ၀ဲတက်လာခဲ့သော မျက်ရည်စများကို မျက်တောင်ဖြင့်တစ်ဖျပ်ဖျပ်ခတ်လိုက်ရင်း မေမေ့ကို သူအသေအ ချာ စိုက်ကြည့်နေမိခဲ့၏။ အခု သူ့မြင်ကွင်းထဲမှ မေမေသည် အတော့်ကို အိုမင်းသွားလေခဲ့ပြီ....။

လွန်ခဲ့သည့် ခြောက်နှစ်၊ ခုနှစ်နှစ်ကာလတုန်းက ရေခြားမြေခြား ဒေသလေးတစ်ခုတွင် သူသွားရောက် အလုပ်လုပ်ချင်ပါသည်...ဟု ခွင့်ပန်ခဲ့စဉ်တုန်းက ခါးခါးသီးသီးငြင်းဆန်ခဲ့တဲ့ ပုံစံမျိုး လုံးဝမဟုတ်တော့ပါ။ သူ မှတ်မိနေသေးသည်။ ထိုအချိန်တုန်းက မေမေထံ သူခွင့်ပန်စွာ ဖွင့်ဟပြောခဲ့လေတော့ မေမေက....

“တော်စမ်းပါ သားငယ်လေးရယ်...၊ မင်းအကြောင်းကို မေမေကောင်းကောင်းသိပါတယ်...။ မင်း..ဟာ အင်မတန်မှ အေးအေးချမ်းချမ်းနေချင်တတ်တဲ့သူ..၊ မင်းဘာသာ မင်းရဲ့ပုံမှန်အလုပ်ကလေးကိုလုပ်ပြီးတော့ ပဲ နေစမ်းပါကွယ်...။ မင်းကို အပင်လေးတွေစိုက်လိုက်၊ အလုပ်ကလေးသွားလိုက်၊ ပြန်လာလိုက်၊ မင်းရဲ့ ငါး ကန်လေးတွေကို ရေလဲပေးလိုက်၊ မင်းရဲ့ ကြောင်ကလေးတွေနဲ့ဆော့လိုက်၊ နောက်ပြီး...ဂီတာတီးလိုက်၊ မင်းဝါသနာပါတဲ့ စာတွေ၊ ကဗျာတွေ၊ သီချင်းတွေရေးလိုက်နဲ့ မေမေ့ မျက်စိရှေ့မှာနေတာကိုပဲမြင်ချင်လှပါ တယ်ကွယ်...။ မင်းလုပ်ခ မင်းဟာမင်းသုံးစမ်းပါ...။ မလောက်ရင် မေမေနိုင်သလောက် ထပ်ပေးပါဦးမယ်.။
မေမေမသေခင်တော့ မင်းကို ထမင်းနှစ်နပ် အမြဲတင်ကျွေးထားနိုင်ပါတယ်ကွဲ့...။ ဘယ်ကိုမှ... မင်း သွားစရာမလိုပါဘူး”....

.... ဟု ခေါင်းတစ်ခါခါနှင့် ဒေါသတစ်ကြီး ပြောခဲ့သေးသည်။ ငိုလည်းငိုခဲ့သေး၏။ သို့သော်လည်း သူ့ဘ ၀ရှေ့ရေးနှင့်အတူ ဘ၀တစ်ခုမှာ တစ်ခါသာတော်စပ်ခွင့်ရသော မိဘများရဲ့နောင်ရေးအတွက် တတ်နိုင်သ လောက်ကြိုးစားကြည့်ပေးချင်ခဲ့သော သူ့ရဲ့ဆန္ဒလှိုင်းတံပိုးတွေကို မေမေ့ခမြာ လွန်ဆန်နိုင်ခြင်းကင်းမဲ့စွာ ဖြင့် နောက်ဆုံးတော့ လက်မြှောက်အရှုံးပေးခဲ့ရပါသည်။

လွန်ခဲ့သည့် နှစ်အနည်းငယ်က ခွင့်ရက်အနည်းငယ်ရသဖြင့် ထိုအိမ်ကလေးသို့ ဧည့်သည်တစ်ဦးလိုပင် သူပြန်ဖြစ်ခဲ့သေးသည်။ ရက်အနည်းငယ်မျှသာနေထိုင်ခွင့်ရခဲ့သော ထိုအချိန်ကထက်စာရင် အခုမြင်နေရခဲ့ သော မေမေ့ရုပ်သွင်မှာ ပိုမိုအိုမင်းသွားခဲ့တာမို့ သူ့ရင်မှာ ထိခိုက်စွာခံစားရမိသည်။ ဇရာသဘောကို သိနေ ခဲ့လျှက်နှင့် နာကျည်းမိသလိုလို...။

ထိုအချိန်တုန်းက သူပြန်ရမယ့်ရက်နီးလာလေလေ...၊ မေမေ့မျက်နှာမကောင်းဖြစ်လာလေလေ....ဆို တာကို သူသတိထားမိခဲ့သေးသည်။ သူပြန်မည့် ထိုတစ်ညက အိမ်ကလေးရဲ့အပြင်ဘက်တွင် မိုးများသည်း ထန်စွာရွာသွန်းနေခဲ့ပါသည်။ မနက်စောစော လေဆိပ်ဆင်းမှာမို့ အိမ်မှလူများကို လိုက်မပို့ဖို့သူပြောခဲ့သေး ၏။ အတူပြန်လာလည်သည့် သူငယ်ချင်းများနှင့် စု၍အိပ်ရာ မြို့ထဲမှတည်းခိုခန်းလေးဆီသို့ အပြီး မသွားခင် ထိုညကလေးက အိမ်ရှိလူများကို သူကန်တော့ရင်းနှုတ်ဆက်ခဲ့ပါသေးသည်။ အားလုံးရဲ့ စိုလဲ့နေခဲ့သောမျက် ၀န်းများကို ရင်ဆိုင်နိုင်ခြင်းများ မရှိခဲ့ရပါ...။ ဖိနပ်ချွတ်လေးတွင်ထိုင်ပြီးဖိနပ်စီးနေသော (အိမ်မှ နောက်တစ် ခေါက်ထပ်ဝေးဦးမည်ဖြစ်သော) သူ့ကိုမေမေက သူထိုင်ရာမှအ,ထတွင် တင်းကျပ်စွာပွေ့ဖက်လျှက်....

“ဒီတစ်ခေါက်...သွားရင်ရော...ဘယ်လောက်တောင်ကြာအောင်နေဦးမှာလည်းကွယ်.....သားငယ်လေး ရယ်”... ဟု ငိုရှိုက်ရင်းမေးခဲ့ပါသည်။ သူက ... ရှင်မတောင်သနပ်ခါးရနံ့ သင်းသင်းလေးမွှေးပျံ့၍နေခဲ့သည့် မေမေ့ရဲ့ လည်ဂုတ်နေရာလေးကို အသာငုံ့နမ်းပြီး “သိပ်မကြာပါဘူးဗျာ”.... ဆိုသောစကားလေးကို အသံမ တုန်ခါအောင်ကြိုးစားပြောခဲ့ရသေးပါသည်။ နောက်... သူ့ထက်အရပ်နိမ့်သော မေမေ့ရဲ့ ပခုံးထက်မှအင်္ကျီစ လေးအပေါ်တွင် စိုလာသောမျက်ရည်များကို ခိုးဝှက်စွာ ပွတ်သုတ်ခဲ့မိတာ....မေမေမှလွဲပြီး ဘယ်သူမှ မသိ နိုင်ခဲ့ပါ... ဟု သူထင်မိခဲ့၏။

သူအလုပ်လုပ်ရသော...ရေခြားမြေခြားဒေသလေးသို့ပြန်ရောက်ပြီး နှစ်အနည်းငယ်လောက်ထပ်ကြာ လာခဲ့သော အချိန်တစ်ခုတွင် မေမေ့ထံမှစာလေးတစ်စောင်ကို သူလက်ခံရမိ၏။ ရှေးဆန်သော လက်ရေး လေးများနှင့် သပ်ရပ်စွာရေးထားသော မေမေ့ရဲ့စာလေးကို ဖွင့်ဖတ်ကြည့်မိရင်း ဆူညံလွန်းလှသော စက်သံ များကြားမှာပင် သူမျက်ရည်ဝဲလာမိခဲ့သေးသည်။ မေမေ့ရဲ့ စာလေးထဲမှ...

“မေမေတို့က အသက်ကြီးနေပါပြီသားရယ်...။ သွားရချိန်နီးနေပါပြီ...၊ မေမေမျက်စိမမှိတ်ခင် သားနဲ့အ တူပျော်ပျော်ရွှင်ရွှင်နေသွားချင်ပါသေးတယ်”.... ဆိုတဲ့ စာသားလေးတွေ...၊ နောက်ပြီး “ပိုက်ဆံတွေကို မေ မေ တစ်ခါတစ်လေကျရင် သိပ်မုန်းမိတာပဲကွယ်...၊ သူ့ကြောင့် သား.. မေမေတို့နဲ့ ခွဲပြီး အဝေးကြီးမှာ နေခဲ့ လို့”.... ဆိုတဲ့ စာသားလေးတွေက သူ့ရင်ကို တော်တော်ထိခိုက်စေခဲ့ပါသည်။ ထို့ပြင် မိဘတွေ အသက်အ ရွယ်အိုမင်းလာချိန်မှာ ငွေကြေးတစ်ခုထဲနှင့် ရုပ်အာဟာရအတွက် ဖြည့်ဆည်းပေးနေရုံဖြင့် မလုံလောက်နိုင် တော့တာ...၊ စိတ်အာဟာရအတွက်ပါ ဖြည့်ဆည်းပေးနိုင်ဖို့ လိုအပ်နေခဲ့တာကို သူသတိရသွားမိခဲ့ပါသည်။

အခုတော့ သူပြန်လာခဲ့ပြီ...။ သူ့အတွက် အကြင်နာ...၊ မေတ္တာတရားများဖြင့် ဘယ်တော့မှခြောက်သွေ့ မသွားနိုင်ခဲ့ရသည့် “အမြဲစိမ်းတော”...လေးနှင့်တူသော “အမေ့အိမ်”..ဆီသို့ သူပြန်လာခဲ့ပါပြီ...။

********

ဖိနပ်ချွတ်လေးသို့ သူလှမ်းတက်လိုက်သည်။ ပါလာသော အထုတ်အပိုးများကို တံခါးဝမှာပုံချလိုက်သော အသံတချို့ကြောင့် သူ့အမနှင့် အတူ မေမေက ပုတီးစိတ်နေရာမှ လှမ်းကြည့်လာ၏။ ဘုရားရှိခိုးနေဆဲဖြစ်ခဲ့ သော ဖေဖေ့ကို အနှောက်အယှက်မဖြစ်အောင် သူ့ကို အံ့သြတကြီး လှမ်းကြည့်နေသော မေမေ့ကို သူ လှမ်း ခေါ်လိုက်သည်။
“မေမေ...ရေ”......

**********

(အတွေးထဲမှာ အိမ်ပြန်ဖြစ်ခဲ့တဲ့ ညတစ်ညက ရေးထားခဲ့တဲ့ပို့စ်လေးပါ...။ အခုမှပဲ အဆုံးသတ်နိုင်ခဲ့လို့ပါ ခင်ဗျာ...။ ပုံလေးက ဖော်ဝပ်(ဒ်)မေးတစ်စောင်ကရထားတာ source မသိလို့ပါခင်ဗျ..။)
===================================================
အောက်တိုဘာလ(၅)ရက်နေ့က ကျရောက်ခဲ့သော မေမေ့ရဲ့ ၅၈နှစ်မြောက် မွေးနေ့အတွက် အမှတ်တရ....။
===================================================
ချစ်ခြင်းအားဖြင့်...

ဏီလင်းညို

No comments: