Tuesday, November 16, 2010

မညှိုးပန်း


နက်လင်းအားကြီးချိန်က သည်းထန်စွာရွာသွန်းခဲ့သော မိုးကြောင့်ထင်ပါသည်။ ညဆိုင်း အလုပ်ခွင် မှ အိမ်သို့အပြန် လှမ်းနေဆဲဖြစ်သော သူ၏ခြေလှမ်းများအောက်မှ အနက်ရောင်နိုင်လွန်ကတ္တရာလမ်းညီညီ လေးက ရေစက်များဖြင့်စွတ်စိုနေခဲ့၏။ ထို့အတူ လမ်းမထက်တွင် ဟိုဒီပြန့်ကျဲစွာကြွေကျနေခဲ့သော သစ် ရွက်စိမ်းစိမ်းလေးများကိုလည်း စိုစွတ်နေဆဲဖြစ်တာတွေ့ရသည်။
ကောင်းကင်ကို သူတစ်ချက်မော့ကြည့်မိသည်။ မနက်စောစောဖြစ်နေပေမယ့် နေရောင်လုံးဝမမြင်ရ..။ အုပ်စုဖွဲ့ကာ ဟိုဒီရွေ့လျားနေခဲ့သောတိမ်မည်းညိုညိုတို့က ကြည့်နေရင်းခဏမှာပင် တစ်ဖြေးဖြေး နိမ့်ဆင်း လာနေသည်ထင်ရ၏။ အတွေ့အကြုံအရ နောက်ထပ်တစ်ခါထပ်ပြီး မိုးရွာဖို့ အစပျိုးနေပြန်ပြီဖြစ်ကြောင်း သူ နားလည်လိုက်သည်။ ဝေ့,ခနဲတိုက်ခတ်လာသော မိုးသက်လေတစ်သုတ်ကြောင့် ခန္ဓာကိုယ်တစ်ခုလုံး စိမ့်ခ,နဲဖြစ်အောင် အေးသွားရ၏။ ထို့ကြောင့် ပခုံးနှစ်ဖက်ကို အသာကြုံ့ရင်း....လှမ်းနေဆဲဖြစ်သော ခြေလှမ်း များကို ခပ်သွက်သွက်လေး လှမ်းလိုက်မိ၏။
နောက်...စိတ်ထဲမှလည်း..နောက်ထပ် ဆယ့်ငါးမိနစ်အတောအတွင်း ဒီမိုးမရွာပါစေနဲ့ဟု...တိတ်တိတ် ကျိတ်ကာ ဆုတောင်းမိသည်။ အလုပ်မှအပြန် သူ့တွင်ထီးမပါလာခဲ့တာကြောင့်ပဲဖြစ်ပါသည်။
နှစ်တစ်နှစ်ရဲ့ပြီးဆုံးမှုကို လှပစွာအနားသပ်ပေးမြဲဖြစ်သည့် ဒီဇင်ဘာလလေးဖြစ်တာမို့ သူရှင်သန်ကြီး ပြင်းခဲ့ရာ အမိမြေတွင် မြူနှင်းတို့ဝေဖြာစွာဖြင့် အေးမြမြဆောင်းဥတုလေးဖြစ်နေခဲ့မှာ အသေအချာပင်..။ သို့ သော်လည်း လက်ရှိသူနေထိုင်ကာ အလုပ်လုပ်နေခဲ့ရသည့် ပြည်ပနိုင်ငံငယ်လေးတစ်ခုတွင်မူ အခုတလော မိုးများရွာသွန်းနေခဲ့သည်မှာ နေ့စဉ်ရက်ဆက်ဆိုသလိုပင်ဖြစ်နေပါသည်။
ထိုကဲ့သို့ အိမ်အပြန်လမ်းတွင် မိုးတွေရွာသည်ဖြစ်ဖြစ်...၊ ရွာခါနီးဆဲဆဲပဲဖြစ်ဖြစ်...သူ့ရင်ထဲတွင်.....

@@@@@@@

အုတ်နီခဲအကျိုးအပဲ့များကို ထုခွဲကာခင်းထားသော မညီမညာလမ်းကလေးရဲ့အထက်တွင် ခပ်စောစောက ရွာချခဲ့သော မိုးရေစက်များ ပေစွန်းနေခဲ့သည်။ လမ်းကလေး အထက်ရှိချိုင့် ခွက်နေရာ အ တော်များများထဲတွင် ရွံ့ရောင်ပေါက်နေသောရေများဝပ်ကျန်နေရစ်ခဲ့တာတွေ့ရ၏။ လမ်းဘေးအစပ်နားမှ ရေများ ပြည့်နေခဲ့သော ရေနှုတ်မြောင်းလေး၏ နှုတ်ခမ်းအစပ်တွင် မြက်နှင့် ကနဖော့ပင်များက စိမ်းလန်း စွာဖြင့် သန်စွမ်းစွာ ပေါက်နေခဲ့တာကိုလည်းမြင်နေရသည်။
မိုးတွင်းစီး ကွင်းထိုးဖိနပ်အနက်ရောင်ခပ်ကြီးကြီးတစ်ရံ၏ အကူအညီဖြင့် (သူ့အတွက်) အချိန်မရွေးပင် ချော်လဲသွားနိုင်သော မညီမညာလမ်းကလေးထက် ဂရုစိုက်စွာလျှောက်လှမ်းနေခဲ့ရသည်။ သို့သော် တစ်ခါ တစ်ရံတွင် နင်းစရာအမာခံမရှိပဲ ရေပြည့်နေသည့် ချိုင့်ခွက်ငယ်လေးများကိုမူ ကွေ့ပတ်ရှောင်မသွားတော့ပဲ သူခုန်ကျော်ပစ်ခဲ့တတ်သည်။ ခပ်ဆိုးဆိုးလမ်းကလေးအထက်တွင် လမ်းလျှောက်နေခဲ့ရတာမှန်သော်လည်း မိုးရနံ့ပါသောလေထုကို ရှူရှိုက်ရင်း သူနှစ်သက်စွာပျော်နေမိခဲ့သည်။ ဇူလိုင်လရဲ့ မိုးရက်တစ်ရက်ဖြစ်တာမို့ ကောင်းကင်ပြင်တစ်ခုလုံးတွင် တိမ်မည်းညိုညိုတို့က မှိုင်းမှိုင်းပြပြဖြင့်ရှိနေလေ၏။
သူ ဆက်လျှောက်လာခဲ့သည်။ မိုးအုံ့နေခဲ့သော နေ့လယ်ပိုင်းမို့ လမ်းလေးထက်တွင် လူရှင်းနေခဲ့သည်။ တစ်ယောက်စ နှစ်ယောက်စဆိုသလို ဘေးနားမှဖြတ်သွားကြသောလူတစ်ချို့က သူ့ကိုအကဲခတ်သလိုမျိုး ကြည့်သွားကြတာ သတိထားမိ၏။ အလိုလိုနေရင်း ပြုံးနေမိသော သူ့မျက်နှာကြောင့်ပဲဖြစ်မည်ထင်ပါသည်။
သံဇကာကွက်ကျဲကျဲများဖြင့် ခြံစည်းရိုးကျယ်ကျယ်ခတ်ထားသော “မူလတန်းကျောင်း”လေးတစ် ကျောင်းရှေ့ကို သူရောက်လာခဲ့သည်။ ကျောင်းဝင်းတံခါးဝရှိ သစ်သားတံခါးလေးနားမှာရပ်ရင်း အထဲသို့ သူ လှမ်းကြည့်မိ၏။ အုတ်ဖြင့် အယ်လ် (L) ပုံစံဆောက်ထားခဲ့သော တစ်ထပ်ကျောင်းဆောင် ရှည်ရှည်လေးက သူ့မျက်စိထဲတွင် ခါတိုင်းထက်ပိုသေးသွားသည်ဟု....ထင်ရ၏။ နောက်မှ မမြင်ရတာကြာသွားလို့ဖြစ်မည်ဟု ပြန်တွေးမိလိုက်သည်။ သို့သော် ကျောင်းကလေးကို သုတ်ထားခဲ့သည့် ဆေးအဖြူရောင်ကလေးကမူ အရင် ကထက်ပိုပြီး မှေးမှိန်စွာဖြင့် ညစ်ထပ်ထပ်နိုင်နေတာကတော့ အမှန်ပင်...။
စေ့ရုံသာ စေ့ထားသော ခပ်ယိုင်ယိုင်သစ်သားဝင်းတံခါးလေးကို တွန်းဖွင့်ရင်း ကျောင်းဝင်းအတွင်းသို့ သူဝင်ခဲ့လိုက်သည်။ ကျောင်းရဲ့ အရှေ့ဘက်တွင်ရှိသော မကျဉ်းမကျယ်ကစားကွင်းလေးမှာလည်း ရေများစို နေဆဲဖြစ်တာတွေ့ရ၏။ ကွင်းရဲ့အစပ်ရှိအလံတိုင်လေးအထက်တွင်မူ သိပ်မသစ်တော့သော နိုင်ငံတော်အ လံက မိုးရေများဖြင့် စိုကပ်နေခဲ့တာတွေ့ရသည်။ ထိုနံဘေးမှ သူဖြတ်လျှောက်လာခဲ့လိုက်သည်။ ကျောင်း ဆောင်အစပ် ကော်ရစ်ဒါပေါ်ခြေချမိတော့စောစောကတည်းက သူကြားနေခဲ့ရသော ကျောင်းသားလေးများ ရဲ့ ဆူညံသံ၊ စာဆိုသံတို့ကို ပိုမိုပီပြင်စွာ ကြားလာရသည်။
“ဟယ်... သား”...
အလွန်ရင်းနှီးခဲ့ဖူးသောခေါ်သံကြောင့် သူလှမ်းကြည့်မိသည်။ သူနှင့် အနီးဆုံးနေရာတွင်ရှိသော ရုံးခန်း ထဲမှ ထွက်လာသည့် ခန္ဓာကိုယ်ခပ်ဖိုင့်ဖိုင့်နှင့် ဆရာမတစ်ယောက်ကိုတွေ့လိုက်ရ၏။ သူနှင့်အရမ်းရင်းနှီးခဲ့ ဖူးသော ထိုဆရာမရှိရာသို့ ပြုံးပြရင်းလှမ်းသွားလိုက်သည်။ ဆရာမက အားရ၀မ်းသာပြုံးရင်းမေးသည်။
“ဆရာ့ဆီကို လာတာလားသား”....
“ဟုတ်ကဲ့ဆရာမ...ဖေဖေရှိရဲ့လားမသိဘူးနော်”...
ဆရာမရဲ့အမေးကို ခေါင်းငြိမ့်ကာပြန်ဖြေလိုက်ရင်း မေးမိသည်။
“ရှိတယ်သားရဲ့.... လာ ဆရာမ သားဖေဖေ့အတန်းကိုလိုက်ပို့မယ်..။ မတွေ့ရတာကြာလို့လားမသိဘူး သားက ပိုချောလာသလိုပဲ”....
ဆရာမရဲ့စကားကြောင့် ရှက်ရွံ့၊ အနေခက်စွာသူရယ်လိုက်မိသည်။ ပါးစပ်မှ ‘ဟုတ်ပါဘူးဗျ’..ဟု ပြန် ပြောရင်း ဆရာမဘေးနားမှနေ လိုက်သွားလိုက်သည်။ ပထမတန်း ဟုရေးထားသော စာသင်ခန်းလေးတစ် ခန်းအရှေ့မှ သူတို့အဖြတ်တွင် အပေါက်ဝနားရှိစားပွဲခုံတွင်ထိုင်နေသည့် ဆရာမတစ်ယောက်ကလှမ်းပြီး....
“အစ်မရေ... ဧည့်သည်လာတာလား”....
“ဟုတ်တယ်...ညီမရေ... ဒါ..ဆရာ့သားလေ...၊ ပြည်ပမှာအလုပ်သွားလုပ်နေတာကြာပြီ...။ အခုမှ ပြန် ရောက်လာတာလေ...။ အဲ့ဒါ..အခုသူ့အဖေဆီကို လာလည်တာတဲ့...၊ အိမ်မှာမတွေ့ရတာကျနေတာပဲလေ ဟင်း...ဟင်း”....
အတန်းထဲက ဆရာမကအပြင်သို့ထွက်လာရင်း....
“သြော်... အဝေးရောက်နေတဲ့ ဆရာ့သားဆိုတာလား...၊ သားအဖေပြောပြောနေတာတော့ ခဏခဏ ဆိုသလို ဆရာမတို့ကြားဖူးနေတာ..၊ လူကိုတစ်ခါမှ မတွေ့ဖူးခဲ့ပေမယ့် နာမည်ကိုရင်းနှီးနေခဲ့တာကြာပြီသား ရဲ့....၊ ဆရာမက မင်းထွက်သွားပြီးမှ ဒီကျောင်းကို ပြောင်းလာခဲ့တာလေ”...
“ဟုတ်ကဲ့ပါဆရာမ...၊ ကျွန်တော်လည်းတွေ့ရတာဝမ်းသာပါတယ်ခင်ဗျာ”...
ဖေဖေ့ရဲ့ လုပ်ဖော်ကိုင်ဖက် ဆရာမမို့ ယဉ်ကျေးစွာ သူနှုတ်ဆက်လိုက်မိသည်။ ထိုဆရာမက ပြုံးကာ ခေါင်းငြိမ့်ပြသည်။ ဆက်လျှောက်လာခဲ့ကြတော့ “ဒုတိယတန်း”ဟု ရေးထားသောစာသင်ခန်းရှေ့သို့ သူတို့ ရောက်လာကြသည်။
“လှည်းဘီးများ ရွှံ့ထဲကျွံနေသောအခါ လှည်းသမားသည် မည်သူ့ကို တိုင်တည်သနည်း”....
သံနေသံထားဖြင့် မေးလိုက်သော ဖေဖေ့အသံကိုသူကြားလိုက်ရတော့ ပြုံးမိသည်။
“လှည်းဘီးများရွှံ့ထဲကျွံနေသောအခါ... လှည်းသမားက ရေနတ်မင်းကို တိုင်တည်ပါသည်”...
သံပြိုင်ဖြေလိုက်ကြသော ကျောင်းသားလေးများရဲ့ အသံကြောင့် သူထပ်ပြုံးမိပြန်သည်။ ကျောင်းသား ငယ်ငယ်လေးများ၏ စာဆိုသံသည် သူ့နားထဲတွင် ချိုမြိန်ဖွယ်ကောင်းသော ဂီတသံစဉ်တေးသွားတစ်ပုဒ်လို ဖြတ်သန်းစီးဆင်းသွားသောကြောင့်သာဖြစ်ပါသည်။
လိုက်ပို့သောဆရာမက အတန်းဝသို့ဝင်လိုက်ရင်း...
“ဆရာ... ဒီမှာဘယ်သူရောက်နေသလဲဆိုတာ လာကြည့်ပါဦး”....
အခန်းဝကို ကျောပေးထားသည့် အနေအထားတွင်ရှိသော ကျောက်သင်ပုန်းအနက်ရောင်ရှေ့မှာ က လေးများကို စာချပေးနေခဲ့သောဖေဖေက သူ့ကိုမြင်သေးဟန်မတူ...။ သို့သော်လည်း ကျောင်းသားလေးများ ရဲ့အကြည့်အားလုံးက အတန်းဝကိုရောက်နေခဲ့တာနှင့်အတူ ခေါ်လိုက်သောဆရာမ၏အသံကြောင့် အတန်း ၀သို့ ထွက်လာသောဖေဖေက သူ့ကိုမြင်တော့...
“ဟာ... သား.. မိုးတွေရွာနေတာ အိမ်မှာမနေပဲ ဘာဖြစ်လို့ဒီကိုလိုက်လာတာတုန်းကွ”....
ဟု... အံ့သြစွာဖြင့်ပြုံးရင်းမေးလေတော့သည်။ သူက...‘ပျင်းလို’့... ဟု ခပ်တိုးတိုးပြန်ဖြေတော့ ဖေဖေ က ရယ်၏။ ဟုတ်သည်... အဝေးကြီးမှ အိမ်သို့ခဏပြန်လာရသောသူ့အတွက် အလုပ်လုပ်စရာ မယ်မယ်ရရ မရှိတာမို့ပျင်းနေခဲ့ရတာ အမှန်ပင်...၊ နောက်ပြီး...လုပ်ငန်းခွင်အသီးသီးသွားနေကြသော မေမေ၊ ဖေဖေနှင့် အစ်ကို အစ်မတွေကြောင့် အိမ်တွင်ဘယ်သူမှမရှိ၊ သူပြည်ပမထွက်ခင်က ရှိခဲ့ဖူးသော ငယ်သူငယ်ချင်းတစ် ချို့မှာလည်း အလုပ်ကိုယ်စီနှင့်၊ ရှိသည့် သူငယ်ချင်းတစ်ချို့ကြပြန်တော့လည်း (သူ့ဘက်က ပြည်ပတွင် အ နေကြာလာခဲ့၍ ဘာမှမပြောင်းလဲခဲ့သော်လည်း)စည်းခြားသည့် စကားများကိုဆိုသူဆို၊ ထေ့ငေါ့ချင်သလိုမျိုး စကားတွေပြောရင်း... ရှောင်ဖယ် ရှောင်ဖယ်လုပ်နေတတ်တာမို့ ထပ်တွေ့ဖို့ရာ သူမကြိုးစားချင်မိတော့တာ အမှန်ပင်ဖြစ်၏။ အလည်ပြန်လာသည့် ရက်များအတွင်းတွင် အိမ်မှာ သူတစ်ယောက်ထဲ စာအုပ်ဖတ်နေရ တာ များနေခဲ့ပါသည်။ သူစာအုပ်တွေဖတ်နေပြန်တော့လည်း ဖေဖေကမြင်တိုင်း...“သားရယ်... မင်းမျက်စိ ကို အနားပေးပါဦးကွာ”...ဟုဆိုတတ်ပြန်လေသည်။
“ကဲ..အခု ဘာလုပ်ဖို့ ဖေဖေ့ကျောင်းကို လိုက်လာရတာလည်း”...
ပြုံးပြီးမေးသော ဖေဖေ့ရဲ့ အမေးစကားကို မျက်နှာခပ်ပုပ်ပုပ်လုပ်ထားပြီး သူပြန်ဖြေမိ၏။
“လဖ္ဘက်ရည် သောက်ချင်လို့ လိုက်လာတာ”...
“ ဟေ”...
ဖေဖေက အံ့သြရယ်ချင်စွာဖြင့်ရေရွတ်သည်။ နောက် သူတို့သားအဖကို ဘေးနားမှနေပြုံးရင်း ရပ်ကြည့် နေခဲ့သော စောစောကလိုက်ပို့သည့် ဆရာမကိုတစ်ချက်ကြည့်ကာ...
“အိမ်မှာ တီးမစ်ခ်အထုတ်တွေရှိတယ်လေကွာ... ဖျော်သောက်ရောပေါ့ သားရယ်”...
“ဟင့်အင်း... ဆိုင်ကဖျော်တဲ့ ပေါ့ဆိမ့်လဖ္ဘက်ရည်ကို ဆိုင်မှာပဲသောက်ချင်တာ”....
ခေါင်းခါရင်း ဂျစ်တိုက်စွာပြန်ဖြေသော သူ့ကို ဖေဖေကပြုံးရင်းကြည့်ကာ...
“ဒါဆိုလည်း သွားသောက်ပါလားသားရဲ့... ဘာတုန်း ပိုက်ဆံမရှိလို့လားကွ”....
ဖေဖေ့အမေးစကားကြောင့် သူခိုးပြုံးလိုက်မိသည်။ ဟုတ်သည်။ ဟိုးအရင်တုန်းအချိန်တွေတုန်းက (သူ ပြည်ပမထွက်ခင် အချိန်တွေတုန်းကဆို) လဖ္ဘက်ရည်ဖိုးမရှိတိုင်းဖေဖေ့ဆီက သူတောင်းနေကျ.....၊ တစ်ခါ တစ်လေအိမ်မှာဆို ဖေဖေ့ကို ပြောပြီး အင်္ကျီအိတ်ထဲကနေ သူကြိုက်သလောက်နှိုက်ယူသွားနေကျ...။ သို့ သော်လည်း အခုသူပြန်လာခိုက်တွင် သုံးချင်ရာသုံးဖို့ဆိုပြီး သူ့ပိုက်ဆံအိတ်အဟောင်းလေးထဲတွင် မေမေ ထည့်ထားပေးသော ပိုက်ဆံအချို့ရှိနေခဲ့သော်လည်း...ဖေဖေ့ရှေ့တွင်လက်ဝါးဖြန့်လိုက်ပြီး...
“ဟုတ်တယ်... ပေး”....
ဝတ်ထားသော အဖြူရောင်လည်ကတုံးရှပ်အင်္ကျီ အိတ်ကပ်ထဲမှ ငါးရာတန်လေးတစ်ရွက်ကိုထုတ်ပြီး သူ့လက်ထဲသို့ ဖေဖေကထည့်ပေးသည်။ သူမြန်မြန်လှမ်းယူလိုက်သည်။ ဟုတ်သည်။ သူဘယ်လောက်ပဲပိုက် ဆံရှာနေနိုင်သည်ဖြစ်ဖြစ် ဖေဖေပေးသော ထိုပိုက်ဆံလေးကို သူမက်မောပါသည်။ ပိုက်ဆံယူပြီးသော်လည်း သူခေါင်းခါကာ....
“ဟုတ်ဘူးဗျ... သားတစ်ယောက်ထဲမသောက်ချင်ဘူး...။ အဲ့ဒါကြောင့် ဖေဖေနဲ့ အတူတူသွားထိုင်ချင် လို့ ကျောင်းအထိလိုက်လာပြီးခေါ်တာဗျ... သိပြီလား”....
သူ့စကားကြောင့် ဘေးနားတွင်ရပ်ကြည့်နေသောဆရာမက..ဟက်ဟက်ပက်ပက်ရယ်လေတော့သည်။ ဖေဖေကလည်းရယ်ရင်း...
“ဟာ... သားရယ်... ဒီမှာကျောင်းမဆင်းသေးဘူးလေကွာ...၊ ညနေသုံးနာရီမှဆင်းမှာလေ..၊ အခုမှနှစ် နာရီကျော်ကျော်လေးပဲရှိသေးတာလေကွာ”....
“လိုက်ပို့လိုက်ပါဆရာရယ်...။ ဆရာ့အတန်း ကျွန်မတို့ကြည့်ထားလိုက်ပါ့မယ်...ဆရာ့သားလေး သနား ပါတယ်ရှင်”....
ဘေးနားမှ ဆရာမက သူတို့သားအဖကိုကြည့်ပြီးမနေနိုင်တော့သလိုဝင်ပြော၏။ အတန်းထဲမှကလေး လေးများကတော့ သူတို့တွေကိုကြည့်ကာ ကြွက်စီ... ကြွက်စီနှင့်ဖြစ်နေကြသည်။ သူက...
“ဟုတ်ပါတယ်ဗျ... သားကလည်းကျောင်းဆင်းမှ ဖေဖေနဲ့အတူတူသွားဖို့ ကြိုပြီးလာတာပါ... အခုလော လောဆယ်သွားမှာ မဟုတ်သေးပါဘူးဗျ”....
“ဘာတွေဖြစ်နေကြတာလည်း ဒီသားအဖတွေ”...
စောစောကအတန်းဝမှာ သူ့ကိုနှုတ်ဆက်ခဲ့သော ဆရာမက အနားသို့ရောက်လာရင်းမေးခြင်းဖြစ်လေ ၏။ ဖေဖေက ရယ်ရင်း...
“ဒီမှာဗျာ... ကျွန်တော့်ကို လဖ္ဘက်ရည်ဆိုင်သွားချင်တယ်ဆိုပြီး လာဂျီကျနေလို့ဗျ...။ သူ့အရွယ်ကြီးနဲ့ လည်း မုန့်ဖိုးတောင်းနေသေးတယ်လေဗျာ...။ ဒါကျွန်တော်ပြောပြောနေတဲ့ ကျွန်တော့်သား အငယ်ဆုံးလေ ဆရာမ”....
“သိပြီးပါပြီရှင်...စောစောက တွေ့ပြီးသားပါ...၊ ဆရာပြောပြောနေတဲ့ ဆရာ့သားက အပြင်မှာတွေ့ရ တော့ တစ်ကယ့် လူငယ်လေးလိုပဲနော်”....
ထိုဆရာမက ခေါင်းစွပ်မိုးကာသားဂျာကင် အနက်ရောင်၊ အောက်ခံတီရှပ်အဖြူ၊ နောက် ဒူးခေါင်းနားအ ထိသာရှည်သော ရှော့ပင်န်လေးနှင့်အတူ အောက်က ကွင်းထိုးဖိနပ်အကြီးကြီးကို ၀တ်ထားသော ပိန်ပိန်ပါး ပါးနှင့်သူ့ကိုကြည့်ရင်းပြော၏။ ဖေဖေက ပြုံးကာခေါင်းငြိမ့်ပြရင်း သူ့ကိုကြည့်ကာ...
“သား..မင်းက မိုးရွာခါနီးကို ထီးလည်းမယူလာဘူး...၊ နောက်ပြီး ဘောင်းဘီတိုလေးနဲ့ အအေးမိနေပါဦး မယ်ကွာ...၊ မင်းအမေသိရင် ဖေဖေ့ကို ဆူနေဦးမယ်ကွာ..၊ နေဦး ဒီကိုဘာနဲ့လာတာလဲ”...
“ဆိုက်ကားနဲ့လာတာ...၊ ဒီလမ်းထဲကိုဆိုက်ကားဝင်မရလို့ လမ်းလျှောက်လာတာလေ”...
“အေး..အေး..၊ ဒါဆိုခဏစောင့် မိနစ်သုံးဆယ်လောက်ဆိုကျောင်းဆင်းတော့မှာပါကွာ...၊ အဲ့ဒီကျမှ အ တူတူသွားကြတာပေါ့..၊ ဖေဖေလိုက်ပို့မယ်”...
“ဟုတ်”....
သူနာခံစွာ ခေါင်းငြိမ့်လိုက်ပါသည်။ အသက်နှစ်ဆယ့်ခုနှစ်နှစ်နီးပါးဖြစ်နေခဲ့ပေမယ့် ဖေဖေ့ကိုသူဆိုးရ တာမရှက်ပါ...။ သို့သော် တစ်စိမ်းများရှေ့တွင်မူ သူဆင်ခြင်သင့်သည်ထင်မိ၏။
ကျောင်းသားလေးတစ်ယောက်ယူလာပေးသော သစ်သားခုံလေးကို ဖေဖေ့အတန်းအပြင်ဘက်ရှိ ကော် ရစ်ဒါမှာချပြီး သူထိုင်ချလိုက်မိသည်။ စောစောက ဆရာမနှစ်ယောက်က သူ့ကိုပြုံးပြနှုတ်ဆက်ခဲ့ပြီး အတန်း ရှိရာသို့ပြန်သွားကြလေ၏။ ဖေဖေက သူ့ပခုံးကိုတစ်ချက်ပုတ်ရင်း စာဆက်သင်ရန် သူ့အတန်းထဲကိုပြန်ဝင် သွားသည်။
“ကဲ..ပြန်စမယ်...၊ ရေနတ်မင်းက လှည်းသမားကို မည်သို့ပြောလိုက်သနည်း”....
“ရေနတ်မင်းက လှည်းသမားအား... ဟယ်လူပျင်း..လှည်းကို ရှေ့သို့ရွေ့အောင် သင်ကိုယ်တိုင်”....
ဖေဖေ့ရဲ့ မေးခွန်းအဆုံးတွင် ကျောင်းသားလေးများ၏ ပြိုင်တူညီညာစွာပြန်ဖြေလိုက်သော စာအံသံက လေးများကို သူနားထောင်ရင်း ကျောင်းဝင်းအတွင်းမှာစိုက်ပျိုးထားခဲ့သည့် ကုက္ကိုလ်ပင်၊ ခရေပင်၊ အုန်းပင် စသည်တို့ လေတိုက်တိုင်း ယိမ်းနွဲ့နေခဲ့ကြတာကို သူငေးရင်း တွေးနေမိခဲ့သည်။ ဖေဖေသည် သူ့အတွက် ဖ ခင်တစ်ယောက်တင်သာမက သူ့ရဲ့ သင်ဆရာလည်းဖြစ်ခဲ့ဖူးတဲ့ အကြောင်းများကိုပင်ဖြစ်၏။
ဟုတ်သည်...၊ သူ့ဖေဖေသည် ငယ်ငယ်တုန်းက သူတက်ခဲ့ရသည့် မူလတန်းကျောင်းလေးတစ်ခုတွင် လည်း အခုလိုမျိုး မူလတန်းပြဆရာအဖြစ်ရှိနေခဲ့ဖူးသည်။ ငယ်ငယ်က ကျောင်းသွားတိုင်း ဖေဖေ့ရဲ့မောင်ဗ မာစက်ဘီးကယ်ရီယာနောက်ကနေ ထိုင်ရင်းကျောင်းလိုက်တက်ခဲ့ရတာတွေကို မှတ်မိနေသေးသည်။ တစ် ခါတစ်လေ ကျောင်းမှအပြန် လဖ္ဘက်ရည်ကြိုက်တတ်သောဖေဖေက သူကြိုက်သောလဖ္ဘက်ရည်ဆိုင်သို့ဝင် ပြီးလဖ္ဘက်ရည်သောက်တိုင်း... အောက်ခံပန်းကန်ပြားလေးထဲသို့ သူသောက်မည့်ခွက်ထဲမှ လဖ္ဘက်ရည်များ ကို နည်းနည်းချင်းထည့်ကာ အေးအောင်မှုတ်ပြီးတိုက်ခဲ့တာတွေကိုလည်း မှတ်မိနေပါသေးသည်။
ကော်ရစ်ဒါမှ လှမ်းမြင်နေရသော မိုးကောင်းကင်တွင် မိုးသားများဖြင့်ပိုမိုညို့မှိုင်းစွာဖြင့် လေများတိုက် ခတ်လာတာ သူသတိထားမိလိုက်ပြန်သည်။ ကလေးငယ်လေးများရဲ့ စာအံသံက လေစီးကြောင်းထဲမှတစ် ဆင့် မိုးကောင်းကင်ယံထက်သို့ လျှံတက်သွားတော့မယောင်ပင်...။
ဖေဖေ့အကြောင်းသူဆက်တွေးနေမိလိုက်သည်။ ထိုစဉ်ကဖေဖေစာသင်သော မူလတန်းကျောင်းက လေးတွင် သူငယ်တန်းမှ လေးတန်းအထိသူတက်ခဲ့ရတာမှန်သော်လည်း... စတုထ္ထတန်းရောက်မှ ဖေဖေ့အ တန်းတွင် သူတက်ခွင့်ရခဲ့သည်။ ကိုယ့်အဖေအတန်းမှာ တက်ရတာဖြစ်ပေမဲ့ အခွင့်အရေး ဘာမှပိုမရခဲ့ပါ...။ အခွင့်အရေးမရတဲ့အပြင် မှတ်မှတ်ရရပင်ရိုက်ခံထိခဲ့ဖူးလေသည်။ မုန်းစားကျောင်းဆင်းခါနီး ကစားချင်နေ တဲ့စိတ်များဖြင့် မလှမပရေးထားသော သူ့စာအုပ်ကို တစ်ခြားကျောင်းသားများရဲ့စာအုပ်နှင့်အတူ အမှတ် ခြစ်နေခဲ့သောဖေဖေက ကြောင်ချီးလက်ရေးဖြစ်နေသော သူ့စာအုပ်ကို အနားသို့ခေါ်ပြရင်း လက်ဖ၀ါးကိုနာ အောင် ကြိမ်လုံးသေးသေးလေးဖြင့် ခပ်စပ်စပ်လေးရိုက်တာကိုပင် ခံခဲ့ရသည်။ နောက် စာရေးတာ အရမ်း ကြီးမလှရင်နေပစေ... သူများဖတ်လို့ရအောင် ရှင်းရှင်းလင်းလင်းရေးရတယ်ကွ...ဟု ဆိုခဲ့သော ဖေဖေ့ရဲ့စ ကားများက သူ့နားထဲမှမထွက်ခဲ့ရတာ အခုအချိန်အထိ...။
နောက် သူအတန်းကြီးလာတဲ့အထိဖေဖေ့ရဲ့မူလတန်းပြကျောင်းဆရာဘ၀လေးက အရင်အတိုင်းပဲ မ ပြောင်းလဲခဲ့...။ တစ်ခါတစ်လေ ဖေဖေ့မိတ်ဆွေဆရာ၊ ဆရာမများက အလယ်တန်းပြ၊ အထက်တန်းပြ၊ ကျောင်းအုပ် စသည့်ရာထူးအသီးသီးတိုးသွားအောင် သူ့နည်းသူ့ဟန်များဖြင့် ကြိုးစားသွားကြသောအခါ၊ ဖေ ဖေ့ကိုလည်း တိုက်တွန်းစကားတွေဆိုတတ်ကြသောအခါ ပြုံးနေတတ်သောဖေဖေကိုကြည့်ရင်း တစ်စုံတစ်ခု ကို အခုတော့ သူနားလည်လာခဲ့မိခဲ့ရ၏။ ကလေးလေးတွေကို အခြေခံမူလတန်းမှစပြီး စာသင်ပေးရတာကို ပျော်နေတတ်သော ဖေဖေရယ်လေ...။
“ကဲ.... ကိုယ့်ပစ္စည်းတွေကိုယ် စုံအောင်စစ်ပြီးသိမ်းမယ်ဟေ့...၊ ကျောင်းဆင်းခါနီးပြန်စစ်ကြပါ”....
ဖေဖေ့ရဲ့ သတိပေးစကားနှင့်အတူ ကျောင်းသားလေးများရဲ့ ဆူညံသံလေးများကို သူကြားရပြန်လာမိ ၏။ သူငယ်ငယ်တုန်းကလည်း... ကျောင်းမှအပြန်လွယ်အိတ်ကို စစ်စေခဲ့တာ...၊ သူများပစ္စည်းကိုမှားပါလာ ခဲ့လျှင် နောက်နေ့ပြန်ပေးခိုင်းတတ်တာတွေ...၊ သူများပစ္စည်းကို မမက်မောတတ်စေဖို့ လမ်းပြပေးခဲ့သော ဖေဖေ့ကျေးဇူးများကြောင့် (ဘယ်သူမှမသိနိုင်ခဲ့သည့်) ရိုးသားမှုတစ်ခုက အခုအချိန်ထိ သူ့ရင်ထဲတွင် အမြစ် တွယ်နေခဲ့ဆဲပင်...။
“ကဲ...သား... ထတော့ ကျောင်းဆင်းပြီကွ.. ဖေဖေတို့သွားကြမယ်လေ”...
“ဟုတ်ကဲ့”....
ကျောင်းသားလေးများကြားမှ သူတို့သားအဖနှစ်ယောက် ကျောင်းဝင်းထဲမှထွက်ခဲ့ကြတော့ ဆရာမတစ် ချို့က ပြုံးကြည့်ကျန်နေခဲ့ကြ၏။ မိုးသက်လေတစ်ချက်ဝေ့စွာတိုက်ခတ်လာပြန်တာမို့ ဖေဖေ့ပခုံးကို သူလှမ်း ဖက်လိုက်မိပါသည်။ ဖေဖေက ပြုံးနေရင်း...
“ချမ်းလို့လားသားရဲ့”....
“ဟုတ်ကဲ့”...
“ဟေ့ကောင်တွေ...မဆော့ကြနဲ့ကွ...ချော်လဲမယ်မင်းတို့...၊ တော်ကြာမိုးရွာတော့မှာ မြန်မြန်ပြန်ကြဦး နော်..၊ လမ်းမှာ လျှောက်ဆော့မနေကြနဲ့ဦး”....
သူနှင့်လမ်းလျှောက်နေရင်း အနားမှာလျှောက်နေကြသော ကျောင်းသားလေးများကို ဖေဖေက စိုးရိမ် စွာ လှမ်းအော်ပြောနေပြန်လေသည်။ ကလေးလေးများက...‘ဟုတ်ကဲ့ပါ ဆရာကြီး’...ဟု လက်ကလေးများ ကိုပိုက်ရင်းပြန်ဖြေသွားကြတာတွေ့ရတော့ သူ့ရင်ထဲတွင်ကြည်နူးမိ၏။ အဲ့ဒါကြောင့် ဖေဖေမူလတန်းပြဆရာ ကြီးဘ၀မှ မပြောင်းလဲချင်တာလည်း ဖြစ်မည်လားဟု .... မရေမရာတွေးလိုက်မိသေးသည်။
လဖ္ဘက်ရည်ဆိုင်ရောက်တော့ သူတို့သားအဖနှစ်ယောက်လဖ္ဘက်ရည် အတူတူသောက်ကြစဉ်... ဘူးထဲ မှ စီးကရက်တစ်လိပ်ကို သူထုတ်သောက်တော့ ဆေးလိပ်မသောက်တော့ပြီဖြစ်သောဖေဖေက...
“သားရယ်... မင်းဆေးလိပ်တွေ အရမ်းမသောက်နဲ့နော်”...
“ဟုတ်ကဲ့ပါ... ဖေဖေရဲ့”...
စိုးရိမ်ပူပန်စွာဖြင့်ပြောသောစကားမို့ သူသေချာခေါင်းငြိမ့်ကတိပေးလိုက်မိပါသည်။ နောက်ပြီးတော့ လည်း သူတက္ကသိုလ် ပထမနှစ်စတက်တော့ ဆေးလိပ်စသောက်ခဲ့တာကို တစ်ချက်လွှတ်အမိန့်သုံးကာ အ တင်းအကျပ်မတားမြစ်ခဲ့ပဲ မကောင်းတာကိုသိပေမယ့် လုပ်ချင်နေတယ်ဆိုရင် အတိုင်းအတာတစ်ခုအထိပဲ ကောင်းတယ်... ဟု သတိပေးခဲ့တာကို မှတ်မိနေပါသေးသည်။
လဖ္ဘက်ရည်ဆိုင်ထဲမှ စားပွဲခုံသေးသေးလေးတွင် နှစ်ယောက်ပူးပြီး ဘေးချင်းယှဉ်လျှက်ထိုင်နေခဲ့ကြ သော သူတို့ သားအဖကို ဆိုင်အတွင်းရှိတစ်ချို့ဝိုင်းများမှ အထူးအဆန်းလိုကြည့်နေကြတာ သူသတိထားမိ ၏။ သူအလုပ်လုပ်သောနိုင်ငံရဲ့အကြောင်းများ၊ လုပ်ငန်းခွင်ရဲ့အကြောင်းများကို ဖေဖေက ခပ်တိုးတိုးဖြင့်ပြုံး ပြီးမေးသောအခါ သူပြန်ဖြေလိုက်တိုင်း ကျေနပ်ခြင်းရောင်စဉ်တွေလက်ပနေသော ဖေဖေ့ရဲ့မျက်ဝန်းများက တစ်လက်လက်ဖြင့်ရှိနေခဲ့သည်။ ဒီလိုမျက်လုံးတွေဖြင့် သူ့ကို လွန်ခဲ့သည့် ဆယ့်ငါးနှစ်လောက်ကတည်းက ဖေဖေကြည့်ခဲ့ဖူးတာ မှတ်မိသည်။ သူဆယ်တန်းကျောင်းသားဘ၀က ညဥ့်နက်ပိုင်းအထိစာကျက်နေတတ် သောသူနှင့် မလှမ်းမကမ်းတွင် ရေနွေးကြမ်းဓါတ်ဘူးတစ်လုံးဖြင့် ရေနွေးထိုင်သောက်ရင်း ...ဘယ်လောက် ပဲ ညဥ့်နက်နေနေ ထိုင်စောင့်ပေးခဲ့တာတွေ....၊ နောက် အိပ်သင့်ပြီလို့ တိုက်တွန်းပြောခဲ့တာတွေ...၊ ထိုစဉ် က သူ့ကိုကြည့်ခဲ့သော မျက်လုံးများနှင့်အတူတူပင်...၊။ သို့သော် အခုတော့ သူ့ကိုကြည့်သောမျက်လုံးများထဲ တွင် အားကိုးခြင်းများလည်း ယှက်သန်းနေခဲ့တာကို သူသတိထားမိတော့ ပိုကြိုးစားဖို့ တိတ်တိတ်လေးကျိတ် ဆုံးဖြတ်ထားလိုက်မိပါသည်။ နောက်ဆယ်တန်းစာမေးပွဲဖြေတော့ သူကိုယ်တိုင်လိုက်ပြီး (ငယ်ငယ်တုန်းက စီးခဲ့ရတဲ့ စက်ဘီးအိုလေးပေါ်တင်ကာ) စာမေးပွဲဖြေရမည့်ကျောင်းကို လိုက်ပို့ခဲ့တာတွေကိုလည်း သူဘယ် တော့မှ မေ့နိုင်ခဲ့မှာ မဟုတ်တာသေချာလှပါသည်။
“ကဲ... သားရေ...ပြန်ကြရအောင်ကွာ...၊ မိုးတွေရွာလာပြီကွ...၊ မင်းအအေးမိနေလိမ့်မယ်..။ နောက် ပြီး မင်းအမေက သူအိမ်ပြန်လာတဲ့အချိန် မင်းကိုမတွေ့ရင် ဖေဖေ့ကိုဆူနေဦးမယ်ဟ.. ဟား... ဟား”....
ဖေဖေ့ရဲ့ရယ်သံနှင့်အတူ သူလည်းလိုက်ရယ်မိသည်။ သူတို့ သားအဖ လဖ္ဘက်ရည်ဆိုင်အိုအိုလေးထဲမှ ထွက်ခဲ့တော့ ဆိုင်အပြင်ဘက်တွင် မိုးများသည်းထန်စွာ ရွာသွန်းနေခဲ့ပြီဖြစ်ပါသည်။ ဖေဖေက သူ့ကချင် လွယ်အိတ်အဟောင်းလေးထဲမှ ခိုတံဆိပ် ခေါက်ထီးအနက်ရောင်လေးကိုထုတ်ပြီးဖွင့်ပေးလာတာကြောင့် သူ လှမ်းယူလိုက်ရင်း ဖေဖေ့ပခုံးကို အသာဖက်ကာ ထီးမိုးပေးလိုက်သည်။ မိုးရေစက်များ သည်းထန်စွာကျ ဆင်းနေခဲ့သော လမ်းမလေးထက်တွင် သူနှင့်ဖေဖေတို့နှစ်ယောက် ထီးကလေးတစ်ချောင်းအောက်တွင် အ တူတူခိုလှုံရင်း အိမ်အပြန်လမ်းကိုခြေလှမ်းစ,နေမိခဲ့ကြပါသည်။ မိုးသက်လေကြောင့် အပြင်ဘက်တွင် ချမ်း နေခဲ့ရသော်လည်း ဖေဖေ့ကို ဖက်ထားရသောကြောင့် သူ့ရင်ထဲ...၊ နောက် စိတ်တွင် နွေးထွေးနေခဲ့မိသည်။ ဖေဖေလည်း သူ့လိုပဲရှိနေမှာသေချာပါသည်။ ပြုံးနေခဲ့သော ဖေဖေ့မျက်လုံးနှင့် နှုတ်ခမ်းများက သက်သေခံ နေတာကို သူမြင်နေရလို့ပဲဖြစ်ပါသည်။

@@@@@@@

တွေးနှင့်လျှောက်လာခဲ့သောသူ၊ ဘေးနားမှနေဝေါခနဲဖြတ်သွားသော ဆိုင်ကယ်သံကြောင့် လက် ရှိသူကျင်လည်နေခဲ့ရသောပတ်ဝန်းကျင်ကို သူပြန်ရောက်လာခဲ့ရသလိုမျိုးဖြစ်သွားရသည်။ ရှေ့တွင် သူတို့ နေသောတိုက်ခန်းများကိုပင် လှမ်းမြင်နေရလေပြီဖြစ်၏။ သို့ရာတွင် မီးပွိုင့်လေးတစ်ခုကို သူဖြတ်ကူးရပေဦး မည်။ မီးပွိုင့်လေးမှ အချက်ပြမီးကို လမ်းကူးရန်အတွက်စောင့်နေစဉ်.. ပြီးခဲ့တဲ့ရက်က အမိမြေရှိသူ့အိမ်ကို ဖုန်းဆက်တုန်း ဖေဖေပြောခဲ့သော စကားလေးကိုပြန်သတိရမိတော့ ပြုံးမိလိုက်သည်။ ဖေဖေပြောသော စ ကားလေးမှာ အခြားတော့မဟုတ်...“သား... ကားလမ်းကူးရင်ကြည့်ကူးနော်”... ဆိုသည့်စကားလေးပဲဖြစ်ပါ သည်။ ဒီအရွယ်ကြီးရောက်နေခဲ့တဲ့သူ့ကို ကလေးလေးတစ်ယောက်လို စိတ်ပူပန်စွာဖြင့် ချစ်ခင်နေနိုင်သေး တဲ့ ဖေဖေရယ်လေ...။ ဘယ်တော့မှ ညှိုးနွမ်းမသွားနိုင်သည့် ပန်းကလေးတစ်ပွင့်နှင့်တူသော ဖေဖေ့ရဲ့ မေ တ္တာတရားများက သူ့အတွက်တော့ “မညှိုးပန်း” လေးတစ်ပွင့်လိုပဲဖြစ်နေခဲ့ရပါသည်။

@@@@@@@

မီးပွိုင့်လေးကို ကားတွေအကုန်ရှင်းမှ သူဖြတ်ကူးမိသည်။ သူ့ပတ်ဝန်းကျင်မှ မိုးသက်လေထဲတွင်ဘယ် သူမှမမြင်နိုင်သည့် “မညှိုးပန်း”ရနံ့လေးကလွင့်ပျံ့နေဆဲဖြစ်တာကို သူတစ်ယောက်ထဲခံစားမိရင်း ရှေ့ဆက် လျှောက်ရမည့် လမ်းကို တည့်မတ်စွာ လျှောက်နေမိခဲ့၏။ ။

@@@@@@@


===========================================================
အငြိမ်းစားမူလတန်းပြကျောင်းဆရာကြီး ဖေဖေ့ရဲ့ ဒီဇင်ဘာ (၂၅)ရက်နေ့က ကျရောက်ခဲ့သော (၆၂)နှစ် မြောက်မွေးနေ့အတွက် အမှတ်တရအဖြစ်.... ၂၀၀၇ဇူလိုင်လတုန်းက အိမ်ခဏပြန်ဖြစ်တုန်း ဖေဖေနှင့်အ တူ လဖ္ဘက်ရည်ဆိုင်ထိုင်ခဲ့ရတဲ့ အဖြစ်လေးကို ခံစားရေးဖွဲ့ထားတာပါခင်ဗျာ....။ ။
===========================================================
ချစ်ခြင်းအားဖြင့်....
ဏီလင်းညို

No comments: