Sunday, November 28, 2010

မျက်ရည်မိုးစက်တွေ



ဟောဒီကောင်းကင်ကြီး ညိုမှောင်လာရင်
ကျွန်တော့်ရင်ဘတ်ထဲကလည်း အိုစာလာပေါ့
မေမေရေ .. ခွဲခွာခြင်းတွေအတွက်
ကျွန်တော်ငိုခဲ့တယ်
မျက်ရည်တွေ မိုးဖြစ်စေ ..

ထင်နေဆဲ မြင်နေဆဲ ပုံရိပ်တွေပါပဲ အမေ
အမေ့သားရဲ့ ဘ၀မှာ ရွေးခြယ်စရာတွေက
များများစားစား မရှိလှပါဘူး
အသည်းနှလုံးကို မွှန်းသွားမယ့် ဓားတွေချည်းပဲ
တရကြမ်းတင်းခဲလို့နေပေါ့
ကြာတော့လည်း မျက်ရည်တွေကိုပဲ
ပြန်ပြန် ငိုချခဲ့ရတယ်
မေမေရေ .. မိုးတွေက ရွာနိုင်လွန်းလိုက်တာ

အဲဒီ မိုးရေတွေစဲကာစ ကာလတစ်ခုမှာ
ကျွန်တော်ဒီကမ္ဘာမြေကို ကူးခွင့်လက်မှတ်ရခဲ့တယ်
အခုတော့ သက်တမ်းက ပြည့်လုပြည့်ခင် ထင်ပါရဲ့ အမေ
မေမေ့သားဟာလေ .. ရိုးသားမှုတစ်ခုကို ထုတ်ပြဖို့
လူတကာရဲ့ လက်ညှိုးတွေနဲ့ချည်း တည့်တည့်တိုးခဲ့တယ်
ဟန်ဆောင်ဖုံးကွယ်တတ်သူတွေရဲ့ အကြားမှာ
အပြုံးအရယ်မပြတ်ဘဲ မတ်မတ်ဆက်ရပ်ချင်သေးပါရဲ့

နာကျင်ခံစားမှုတွေကို ပြစရာသက်သေဆိုလို့
တချိန်ကုန် အောင့်နေတဲ့ ရင်ဘတ်ပဲ ရှိတော့တယ်
ကျေးဇူးပြုပြီး သက်တမ်းတိုးပေးလှည့်ပါဦး မေမေ
မေမေခေါ်လို့ လာခဲ့တဲ့သား ..
ဘ၀ကို တံတားထိုးနေတုန်းပါ ..
လူနဲ့ လူကို တံတားခင်း ..
ကောင်းခြင်း မင်္ဂလာတေးချင်းတွေနဲ့ချည်း
လောကကို အလှဆင်မလို့ပါ မေမေ
သားလေ ..

ကောင်းကင်တစ်ရိုးမှာ မိုးမှောင်ကြီးကျလာတယ်လေ
ဒီလိုနဲ့ နှစ်စဉ်နှစ်တိုင်းကို ခပ်ရိုင်းရိုင်း ခပ်ထန်ထန်ပဲ
ကျွန်တော်ဖြတ်သွားချင်ပါတယ်
အားနဲ့ မာန်နဲ့ပါ အမေ။ ။

ကိုဖြိုး
(http://kophyoe.blogspot.com)



No comments: