Monday, November 29, 2010

ကြယ်ပြာလေးနဲ့ ထမင်းစားပြီးတဲ့နောက်

ဟိုး ခပ်ဝေးဝေး
ကြီးကောင်ဝင်စ အသံလေးမှာ
ပြန်စရာ အိမ်မရှိရှာဘူး အမေရယ်
ကမ္ဘာမြေကြီးပေါ်မှာ

အကုသိုလ်ပန်းတွေ ဝေပုံကလဲ
အဖူးပေါ် အညွန့်တက်လို့
တပ်မက်စရာပါလား အမေ
သံသရာလေးတေးချင်းတွေက စီစီ
ပုရစ်ကလေးလို သားကမြည်လို့ပေါ့
တစ်ခါတစ်ရံတော့ အမေရယ်
သားဘ၀ဟာ
မြေငွေ့ပျံညလေးတစ်ည ဖြစ်ခဲ့ရတယ်။

သားလေ
သူ့ကိုယ်ပိုင်အသီးတွေ
ညွှတ်အိလေးလံနေအောင် ထမ်းပိုးထားရပေမဲ့
ပျော်ရှာတဲ့
ကုန်ထမ်းသမား သလဲပင်ကလေးကို
အားကျမိတယ်၊

အမေရယ်
လေတွေ ထန်နေလေလေ
သားမှာ ကြေကွဲရလေလေပါပဲ
မိုးဦးအကျ စောမယ်ဆိုတာလဲ
တကယ်တော့
လောကဓံတရားပါလား
အိပ်စရာမရှိတဲ့ ညတွေမှာ
မိုးတွေ သိပ်ပြီးရွာတာပဲ အမေရယ်။

အမှောင်နဲ့ စိုစွတ်
မိုးရေတွေ ရွှဲရွှဲနစ်လို့၊
အသံတွေတောင် ငုတ်နေခဲ့ပါပြီ အမေ၊

ဆုံးရှုံးမှုသစ်ရွက်တွေ မရှုမလှနဲ့
ကံဆိုးမိုးမှောင် တောင်ကုန်းပေါ်မှာ
သားဘ၀ရဲ့ အပိုင်းအစတွေတဲ့လား
သားငြင်းဆန်တယ် အမေ
အမေ မသိဘူးလား
အမေ့သားက ကဗျာဆရာလေ
အမေရဲ့။

တကယ်တော့လဲ အမေရယ်
ကဗျာဆရာဆိုတာ
ဒဏ်ခံကြိုးလေးတစ်ချောင်းပါဗျာ၊

အမေရယ်
ဟောဒီကမ္ဘာလောကကြီးမှာ
အမေ့သားကဗျာဆရာဖြစ်လာတာ
အပြစ်ရှိပါသလားအမေ
သားရဲ့အချစ်မှာလေ
ဟောဒီ ကမ္ဘာကြီးနစ်ခဲ့ရင်တောင်
စစ်ဖြစ်ဖို့ မသေချာတော့ပါဘူးအမေရယ်

ခုတော့
တခြားသူတွေ မမြင်မိတဲ့ အသံကလေးကို
ခေါင်းအုံးအိပ်မိလို့
အကြင်နာအမဲ့ဆုံး ဆုလာဘ်ကို သားရခဲ့ပါတယ်

အမေမသိဘူးလား
လူတွေရဲ့အပြုံးမှာ
ကုန်ဈေးနှုန်းတွေပါတယ် အမေရဲ့။
ဧည့်ခန်းနဲ့ အင်္ကျီကောင်းမှ
ဆက်ဆံတတ်တဲ့ လူတွေရဲ့သဘောထားကို
သားတူးတူးခါးခါး မုန်းတယ်အမေ။

အမေရယ်
တခြားသူတွေအတွက်တော့
အရာရာဟာ
လက်တစ်ပစ်စာရယ်ပါ။

သားမှာတော့
ယူဇနာသန်းပေါင်းများစွာ ဝေးကွာလို့
သားလေ
ရေရောထားတဲ့ညရယ်လို့ မရခဲ့ဖူးဘူး

သားရဲ့ “ဘီး” ကလေးဟာလေ
ဘယ်လောက်တောင် ပါးလှပ်နေသလဲဆိုတော့
ဆံခြည်မျှင်လေးတစ်မျှင် နင်းမိရင်တောင်
ဘီးက ထပေါက်သွားနိုင်ပါတယ်အမေ။

အလျှံညီးညီး မီးတောက်မီးလျှံကြီးထဲ
နေ့စဉ်ခုန်ခုန်ချနေရတဲ့ဘ၀ခရီး
အခမဲ့ညတွေ သိပ်ပြီး သိပ်သည်းလွန်းလှ
အမေရယ်
လွတ်လွတ်ကျွတ်ကျွတ်ကြီး ကန်သွင်းခံရ
ကျွန်တော် ဘယ်လောက်မှားယွင်းမိလို့လဲ အမေ
အဆုတ်က ကြပ်ခိုးစွဲမီးဖိုချောင်
ချောင်းဆိုးလိုက်တိုင်း ချောင်းဆိုးလိုက်တိုင်း
ရင်ခေါင်းကြီးထဲ မီးထ ထတောက်တာမြင်ရ
အမေရယ်
အတွင်းလူမမာတစ်ယောက်ပါ
ဒါပေမယ့်
သစ်သားဘတ်စ်ကားအိုအိုကြီး ခိုစီးလို့
ကဗျာဆရာ မာယာကော့စကီးဆိုတဲ့ လူလဲပါတယ်လေ
လူနဲ့သူနဲ့ မတူတဲ့လူလို့
လူတွေသူတွေ ပြောခံရတဲ့ သားမိတ်ဆွေပေါ့
ဘယ်လောက်တောင် ကြောက်မက်ဖွယ်ရာပြိုလဲခဲ့ပါသလဲ
ဘယ်တော့များမှ သမ္မဒေ၀တွေလက်ထဲ ရောက်မှာတဲ့လဲ
တစ်ယောက်ကို တစ်ယောက်မေးရင်းပေါ့
မျက်စိတစ်မှိတ် လျှပ်တစ်ပြက်အတွင်းမှာ
သောမဂြိုလ်တွေ ချောင်းကောဖြစ်သွား
ဘ၀ကို ဖျစ်ညှစ်ကြည့်လိုက်တော့
လိမ္မော်သီးကလေးမှာ
အချိုရည် ကျန်သေးတယ်
အို.....
အသည်းနှလုံးထဲမှာ
ပန်းတွေ အရမ်းပွင့်တာပဲ အမေရယ်

ကုတ်အင်္ကျီဝတ်ချင်တဲ့ ဆောင်းရာသီရယ်
မီးလျှံကင်းမဲ့တဲ့ မီးလင်းဖိုကြီးရယ်
နှင်းစက်တွေကို
အသေခံသောက်ချင်တဲ့ မြက်ပင်ကလေးရယ်
လမင်းကို
ပြည့်ပြည့်၀၀ တိုက်ရိုက်မြင်ချင်တဲ့ အပြုံးရယ်
အနေအထိုင်မတတ်တဲ့ ရေပန်းတိုင်ကလေးရယ်
မိုက်တွင်းနက်နက် ကဗျာပေါ် အချစ်ရယ်
မကြာခဏ
လူလိမ်ခံရတဲ့
ရင်ထဲက ကြယ်ပြာလေးရယ်
နက္ခတ်မိမိ ပျော်ချင်ရှာတဲ့
အပျော်လေးရယ်
သားလက်ဖ၀ါးထဲမှာ ကျစ်ကျစ်ပါအောင်ဆုပ်ထားလို့
တစ်ဆတ်ဆတ်တုန်နေတဲ့ သားဘ၀လေးရယ်
အမေ့သားမှာ ပိုင်ဆိုင်ပါတယ်။

ထမင်းစစ်စစ် စားချင်တယ် အမေရယ်
အိမ်နံ့မွှေးတဲ့ အိပ်ယာစစ်စစ်မှာ အိပ်ချင်တယ်
ခြေထောက်တွေကို မီးဖိုအငွေ့ ပေးချင်တယ်
ဗမာ ပရဆေးသန့်သန့်သောက်ချင်တယ်
ပြီးတော့ ဟောဒီလို
အမေ့မျက်လုံးအရောင်ကို မွတ်သိပ်မိပါတယ်
တေပေလေလွင့်ပြီး ပြန်လာတဲ့သားကို
ဂရုဏာသက်မြဲသက်တဲ့ အမေ့အကြည့်လေ

အမေရယ်
အမေ့ဆိပ်ကမ်း မကပ်တာ ကြာပြီဖြစ်တဲ့
သားသင်္ဘောလေအမေရဲ့။
ကျွန်တော် ရိုးသားခဲ့ပါတယ်အမေ
ဤသို့ပင် ပဲ့တင်ပါလိမ့်မယ်။

မောင်ချောနွယ်



No comments: