Monday, November 8, 2010

လန်း၊ လမ်း၊ စမ်း၊ ဆန်း ပန်းနဲ့တူတဲ့ သမီးလေး

ခု ကျွန်မက
စတုတ္ထ ကမ္ဘာကြီးမှာ
စတုတ္ထတန်း ကျောင်းသူ
ပြီးခဲ့တဲ့ ၁၀ နှစ်မှာ ကျွန်မဟာ
ဒေါင်ဒေါင်မြည် မဟုတ်ခဲ့ပေမယ့် ဒီ လာမယ့် ၁၀ နှစ်အတွင်း
ကျွန်မဟာ အောင်အောင်မြင်မြင် ထင်စေရမယ်
ကျွန်မထင်တာ မှားခဲ့ရင်လည်း
အဖေက အဲဒီလိုပဲမြင်လိမ့်မယ်။

ကျွန်မက
နှုတ်ခမ်းနီတွေ မကြိုက်ဘူး
စိန်ပန်းနီနီတွေပဲကြိုက်တယ်
ဒေါက်ဖိနပ်စီးပြီးကြည့်တာထက်
လောကကြီးကို ဥာဏ်ပညာထောက်ပြီး ကြည့်တာ ပိုကြိုက်တယ်
အဖေကပြောတယ်လေ
ရွှေ၊ ငွေ၊ ပတ္တမြားတွေထက်
လည်ပင်းမှာ
အမှန်တရားကို ဆွဲပါတဲ့

အဖေက
အဖေကလေ ကမ္ဘာကို ကဗျာလို့ ထင်တဲ့သူ
“သူ့ရဲ့ စိတ်ကူးယဉ် သမ္မတ နိုင်ငံတော်မှာ
ကဗျာဆရာတွေ ပါခွင့်မရှိ” အဲဒီလို
ပလေတိုပြောခဲ့တာကို သဘောကျတဲ့သူ
ကျွန်မကိုတော့
ကဗျာကို ကမ္ဘာလို့ ထင်စေချင်သလား
ကျွန်မကို
ကဗျာဆရာနဲ့တူတယ်တဲ့
ဘယ့်နှယ် ကျွန်မကို
အင်ဂျလီနာဂျိုလီနဲ့ တူတယ် မပြောဘဲ
ကဗျာဆရာနဲ့ တူစေချင်ရတာလဲ
ခုမှ ကျွန်မက သေးသေးမွှားမွှား
စပါးကျီထဲက ခုန်ဆင်းလာခါစ စပါးစေ့ ကလေး

ကျွန်မ လွယ်အိတ်ထဲမှာ
ခုမှ အနာဂတ်က ကိုယ်ဝန်ဆောင်တုန်း
ခုမှ ကျွန်မလွယ်အိတ်ထဲမှာ
ကျွန်မကိုယ်ရည်ကိုယ်သွေးကို တိုင်းဖို့
သစ်သားပေတံလေးတစ်ချောင်း
ကမ္ဘာကြီးအကြောင်း မှတ်တမ်းတင်ဖို့
ဗလာစာအုပ်နဲ့
ကျွန်မလို ပိန်ပိန်ပါးပါးခဲတံ(သို့) ဘောပင်လေး တစ်ချောင်း
ခဲဖျက်တွေက
ခဏခဏ ကျပျောက်လို့တဲ့
အဖေက ၀ယ်မပေးတော့ဘူး

အဖေက
သမီးကို အနာဂတ်က အလစ်ချောင်းနေတာတဲ့

ကျွန်မ အခု လမ်းတွေကို အလွတ်ကျက်နေတယ်
အဖေပေးခဲ့တဲ့လွယ်အိတ်လေးထဲမှာ ကျွန်မဟာ လုံခြုံလို့
လိုက်ခဲ့တယ်။ အဖေနဲ့ လမ်းရဲ့ခေါ်ရာ
တစ်ချိန်မှာ လမ်းနဲ့အဖေ့ကို ပြန်ခေါ်ဖို့
မနက်မိုးလင်းလို့ ပြတင်းပေါက် လိုက်ကာကို
ဆွဲတင်ရင်း လင်းလာတဲ့ တစ်စ နှစ်စ
မြင်ကွင်းဟာ တစ်စစ ထင်းလာရင်း ကျွန်မဟာ ပျော်လို့
နေရောင်ကြောင့် နှင်းစက်တွေ သစ်ရွက်တွေဆီက ကျဆုံးသွားပုံဟာ အလွန်လှ
ကျွန်မဟာ ပျော်လို့
ကျွန်မဟာ တဖြည်းဖြည်း ပုံပြင်တွေကို ကျော်တက်နိုင်ခဲ့ပြီ
ယုန်တွေကို ထားပစ်ခဲ့လို့
ဘာပြောပြော ယုံနေတဲ့ ယုန်တွေကို ထားပစ်ခဲ့လို့

မသိမသာ
အဖေဟာ ကျွန်မဘေးမှာ အတ္ထုပ္ပတ္တိစာအုပ်တွေ ချထားတာကို
ကျွန်မ သိသိသာသာ ဖတ်နိုင်ခဲ့ပြီ
“ချေ”ကစလို့
နောက်ဆုံးပေါ် “အိုဗားမား”အထိ ကျွန်မ သိခဲ့ပြီ

ခုတော့
လူ့အရင်းအမြစ်တွေ နျူးကလိယားတွေ
သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးတွေ
အစ္စရေးက ဟားမားစ်ကိုတိုက်တာတွေ
ဆိုမာလီပင်လယ်ဓားပြတွေ
ဇင်ဘာဘွေက ဈေးအကြီးဆုံးပေါင်မုန့်တွေ
ဂျာနယ်တွေပေးဖတ်လို့
အဖေက ကျွန်မကို
ကြယ်တွေအကြောင်း စာစီစာကုံး မရေးစေချင်ဘူး
နီးနီးနားနား ခေတ်ကြားက ဗေဒါတွေအကြောင်း ကဗျာရေးခိုင်းတယ်
ရှိပြီးသား စာစီစာကုံးတွေနဲ့ တွေးပြီးသား စကားပြေတွေ အကြောင်း မယုံဖို့
ကျွန်မ လက်ခံထားသလောက်နဲ့
ဆယ်ခန်းစာ ဆောက်ထားတဲ့ အိမ်ကလေးအကြောင်း ရေးစေချင်တယ်
ဘာဖြစ်ဖြစ်ပေါ့၊ ကဗျာ၊ ပန်းချီ၊ စကားပြေနဲ့ ပါဖောင်းမန့်စ်လိုဟာမျိုးပေါ့

အဖေက
ကျွန်မခန္ဓာကိုယ်လေးထဲက
သွေးနဲ့ ဆဲလ်တွေကိုပဲ ယုံပါတဲ့
ကျွန်မဟာ လနဲ့ထိုက်တန်တဲ့ ယုန်ရဲရဲလေးတစ်ကောင်ပါတဲ့
အဖေက ယုန်ကလေးနားက အဘိုးအိုပေါ့

ကျွန်မသိသလောက်တော့
အဖေက ကျွန်မကို
စာသင်ခန်းထဲမှာ တစ်တွေ၊ နှစ်တွေ စိတ်မ၀င်စား
နှစ်များသလောက် စိမ်းလန်းမယ် အစစ်အမှန် တစ်ခုကိုပဲ စိတ်ဝင်စား
လူဆန်ဖို့ လူသန်ဖို့ တစ်လုံးရရ နှစ်လုံးရရ
တကယ်သိ တကယ် တတ်ဖို့ကိုပဲ စိတ်ဝင်စားသတဲ့
ကျွန်မ အဖေက ကဗျာဆရာလေ
သူပြောတဲ့ တစ်လုံးရရ နှစ်လုံးရရ ဆိုတာကို
ကမ္ဘာနဲ့ တခြားဂြိုဟ် တစ်လုံးလုံးမှာ ဖြစ်မှာပေါ့။ ထင်တာပဲ

လာမယ့်လေးငါးနှစ်ဆို ကမ္ဘာကြီးထဲ
သမီးဘာသာသွား သွားတွေကို လွတ်အောင်ရှောင်
အမှောင်မှာ မြို့တွေကိုရှာပါတဲ့
မြို့တွေမှာ မြေတွေရှိမယ် မြေတွေမှာ လူတွေရှိမယ်
လူတွေကိုစိုက်ပျိုး မိုးပေါ်မှာ ကြယ်တွေပွင့်ပါစေတဲ့
အဖေက ကျွန်မကို သစ်ပင် တစ်ပင်နဲ့လည်း တူစေချင်တယ်
သစ်ပင်နဲ့ကစား သစ်ပင်လိုသစ်လွင်မှုနဲ့ နေထိုင်ဖို့
(ဖို့ဒ်ကားတစ်စီး ဒါမှမဟုတ် ခေတ်သစ်ဆော့ဖ်ဝဲတစ်ချပ်လို)
သူတို့ရှူထုတ်လိုက်တဲ့အဆိပ်ကို လက်ခံပြီး
ကျွန်မဆီကအောက်ဆီဂျင်တွေ ပြန်ထုတ်ပေးဖို့
ပြောရင်း အဖေဟာ ကျွန်မကို
စတုတ္ထကမ္ဘာကြီးထဲမှာ
စတုတ္ထတန်းကျောင်းသူ အဖြစ်ပေးလို့
နောက်နှစ်မှာ
ကျွန်မဟာ အဖေ့ကို
ပဉ္စမတန်းတစ်တန်းကိုပေးဖို့ သဘောတူခဲ့တယ်။ ။

ခရမ်းပြာထက်လူ
(သမီးလေး စုသီရိခေတ်သို့ အမှတ်တရ)

Teen Magazine, May, 2010

No comments: